Thursday 21 June 2012

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ။

(၁) သင့်ရဲ့နှလုံးဟာ အံ့သြဖွယ် စွမ်းအားရုံ Power house တစ်ခု ဖြစ်ပါတယ်။ တစ်မိနစ်မှာ သွေးပမာဏ (၅)ဂါလန်၊ (၆)ဂါလန်ခန့်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ညှစ်ထုတ်ပေးနေပါတယ်။



(၂) သွေးကြောနံရံများမှာ ကော်လက်စထရော၊ အဆီဓာတ်တွေ၊ ထုံးဓာတ် (Calcium) တွေစုပုံပြီး အဖတ်တွေ ဖြစ်လာရင် နှလုံးသွေးကြောကျဉ်းရောဂါ စဖြစ်လာတော့တာပါပဲ။








(၃) နှလုံးကိုထောက်ပံ့တဲ့ သွေးကြောတွေမှာ ဖြစ်ပေါ်လာပြီး သွေးကြောပိတ်ဆို့မှု ဖြစ်လာရင်၊ Heart attack လို့ခေါ်တဲ့ နှလုံးနံရံ ပုပ်သွားတာ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။



(၄) နှလုံးသွေးကြောကျဉ်းရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ ယောက်ျား/မိန်းမ သေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။





(၅) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပေါ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်း ကော်လက်စထရော အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါရှိခြင်း နဲ့ အ၀လွန်ခြင်း တို့ ဖြစ်ပါတယ်။





(၆) နောက်ထပ် အကြောင်းအချက်တွေကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း (ဥပမာ- အဆီဓာတ်၊ အငန်ဓာတ် များတဲ့ အစာတွေ)၊ စိတ်ဖိစီးမှု များခြင်း နဲ့ ကိုယ်ရည်ကိုယ်သွေး ပုံစံ (အေ) ရှိခြင်း (စိတ်လှုပ်ရှား တက်ကြွမှု များတာ) တို့ ဖြစ်ပါတယ်။





(၇) နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်ပါတယ်။





(၈) နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတွေကတော့ ရင်ဘတ်အလယ်တည့်တည့်မှ အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မေးရိုး နာကျင်ခြင်း၊ နောက်ကြောအောင့်ခြင်း နဲ့ နှလုံးတုန်ခြင်း တို့ ဖြစ်ပါတယ်။





(၉) တစ်ခြား လက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ အားနည်းခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ ပျို့ တက်ခြင်း နဲ့ ဗိုက်အောင့်ခြင်းတို့ ဖြစ်ပါတယ်။





(၁၀) အမျိုးသမီးများ၊ အသက်အရွယ်ကြီးရင့်သူများ နဲ့ ဆီးချိုရောဂါရှိသူများကတော့ လက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။





(၁၁) ဆရာဝန်တွေက နှလုံးသွေးကြောကျဉ်း ရောဂါရှိမရှိ ဖော်ထုတ်ဖို့အတွက် စမ်းသပ်မှုများ ပြုလုပ်ရာမှာ အသုံးအများဆုံး နည်းလမ်းကတော့ (ECG) အီးစီဂျီ လို့ ခေါ်တဲ့ နှလုံးစမ်းသပ်တဲ့ စက်နဲ့ စမ်းသပ်ခြင်း ဖြစ်ပါတယ်။





(၁၂) အီးစီဂျီမှာ ရောဂါလက္ခဏာ မတွေ့ရရင်၊ ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းလုပ်ခိုင်းပြီး စမ်းသပ်နိုင်ပါတယ်။





(၁၃) နောက်စမ်းသပ်နည်း တစ်ခုကတော့ (Echocardiography) လို့ ခေါ်တဲ့ နှလုံးဆီသို့ အသံလှိုင်းလွင့်ထုတ်စမ်းသပ်နည်း ဖြစ်ပါတယ်။





(၁၄) စီတီ စကင် (CT Scan) စက်ကြီးနဲ့ လည်း နှလုံးရောဂါမရှိကြောင်း၊ နှလုံးသွေးကြောတွေ ပုံမှန်ရှိကြောင်း စမ်းသပ်နိုင်ပါတယ်။





(၁၅) အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ စမ်းသပ်နည်းကတော့ နှလုံးသွေးကြောတွင်းသို့ ပိုက်ပြွန်သေးသေးလေး လှမ်းထည့်ပြီး ဆေးထိုးကာ ဓာတ်မှန်ရိုက်ခြင်း ဖြစ်ပါတယ်။





(၁၆) နှလုံးသွေးကြောရောဂါ ကုသနည်းတွေက လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။





(၁၇) တစ်ချို့ လူနာတွေမှာ ဆရာဝန်က သောက်ဆေးတွေ ပေးပါလိမ့်မယ်။





(၁၈) သောက်ဆေးနဲ့တင် မလုံလောက်တဲ့ လူနာတွေအတွက်ကတော့ သွေးကြောချဲ့ ခြင်း၊ ခွဲစိတ်ပြုပြင်ခြင်း နည်းလမ်းတွေ သုံးရပါတယ်။





(၁၉) နှလုံးသွေးကြော ရောဂါဟာ ကာကွယ်လို့ ရတဲ့ရောဂါ၊ ကုသလို့ ရတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားသောက်မှုဟာ နှလုံးသွေးကြောရောဂါကို ထိန်းချုပ်ဖို့အတွက် အဓိက နည်းလမ်း ဖြစ်ပါတယ်။ (တိရစ္ဆာန်အဆီ/စားအုန်းဆီများ လျှော့စားခြင်း၊ အသီးအနှံဆီကို သုံးစွဲခြင်း၊ အငန်ပိုကဲမစားခြင်း၊ အသီးအရွက်များများ စားခြင်း)။





(၂၀) ရောဂါကာကွယ်နိုင်တဲ့ နေထိုင်မှုပုံစံတွေကတော့ ဆေးလိပ်ဖြတ်ခြင်း နဲ့ အရက် အနည်းငယ်မျှ သောက်ခြင်းတို့ ဖြစ်ပါတယ်။ အရက်များရင်တော့ ရောဂါတွေ ရလာပါလိမ့်မယ်။



(၂၁) နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ဖို့ တစ်ခြား နည်းလမ်းတွေကတော့ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်း၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါ ရှိပါက ထိရောက်စွာ ကုသမှု ခံယူခြင်း တွေ ဖြစ်ပါတယ်။ (လိုအပ်ရင် ဆရာဝန်က Aspirin ဆေးပြား၊ Aspilet ဆေးပြားသောက်ခိုင်းပြီး ရောဂါကာကွယ်ပေးပါလိမ့်မယ်)။


No comments:

Post a Comment

Print Friendly and PDF