Wednesday 9 November 2011

ဖတ်ကြည့်နော်.....ရင်ထဲတစ်ခုခုကျန်ခဲ့လိမ့်မယ်။

ရေတွင်းထဲက မြေခွေး


ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲ ကျသွားလို့ ပြန်တက်မရဘဲ ရှိနေတော့သတဲ့
မကြာမီဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . .

“ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . “မြေခွေးကို သူမေးတာပေါ့. . .

“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ ရေသေချာပေါက် ရှိနေဖို့
ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “

ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .


ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်. . . .
နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .

"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "


အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်...။
 
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



နောက်တစ်ခါကြုံ၇င် လက်မနှေးနဲ့


အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော. . . ဒါကြောင့် သူ့ကို စားတော့မှာ
ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု မစားချင်ပါနဲ့ လို့ ဆိုတယ်. .

အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား ခဏကလေး စောင့်မယ်ဆိုရင်
ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. .
ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက အသားကို များများ စားရမှာပေါ့. .

ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး ထွက်သွားပါတယ်. . .

ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .

ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့ ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."
လို့ လှမ်းခေါ်လိုက်တယ်. .

ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ
စောင့်မနေပါနဲ့ . . " လို့ပြန်ပြောလိုက်တယ်. .

                             
အသက်ဘေး အန္တရယ်က လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ
အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ သတိပြုတတ်နေပြီ
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



လှောင်ချိုင့်ထဲကငှက်


ပြတင်းအနီး လှောင်ချိုင့်ထဲမှာ ရှိတဲ့ ငှက်ဟာ ညဘက်မှာ အမြဲ သီချင်းဆိုဆိုနေတယ်. .

ဒါကို လင်းနို့က ကြားပြီး သူ့ဆီပျံလာတယ်

ဘာကြောင့် "နေ့ဘက်မှာ သီချင်းမဆိုသလဲ. . မင်းသီချင်းဆိုတာကို ညဘက်မှာ တော့ ကြားနေရတယ်. . လို့. . "
မေးပါတယ်. .

ငှက်က "အကြောင်းရှိလို့ ညဘက်သီချင်းဆိုတာပါ ဆိုပြီး "ရှင်းပြလိုက်တယ်. .

"ညဘက်မှသာ ကျုပ်က သီချင်းဆိုတယ်လေ. . . နေ့ဘက်မှာ သီချင်းဆိုရင် ရန်သူက မြင်နိုင်တာကိုး တဲ့
အခုမှတော့ နေ့နဲက ည ဆင်ခြင်နေဖို့၊ ရွေးနေဖို့ မလိုတော့ပါဘူး. . . .လှောင်ချိုင့်ထဲ မရောင်ခင်ကသာ
ဒါကို သတိပြုရမှာပါ. . " လို့ လင်းနို့ကပြောပါတယ်...

သူအသိနောက်ကျသွားတာကို လင်းနို့ပြောမှာပဲ သင်ခန်းစာရလိုက်တော့တယ်........။


ဒီပုံပြင်လေးကတော့ အမှားကို ပြုမိပြီးမှ ၀မ်းနည်းဖို့ရာမလိုပါဘူးလို့ပြောတာပါ။
နောင်တ မရခင် က ဆင်ခြင်ရမှာပေါ့
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



ခွေးအတွက် စာရင်းမပါ


လားနဲ့ ခွေးတို့ ခရီးအတူလာကြရင်း တံဆိပ်ပိတ်ထားတဲ့ စာခေါက်တစ်ခုကို မြေကြီးပေါ်မှာတွေ့တယ်. . .
လားဟာ ကောက်ယူပြီး စာရွက်ခေါက်ကို ဖြန့်လျှက် ကျယ်လောင်စွာ ဖတ်လိုက်တယ်. . .
ဒါကိုခွေးက နားထောင်နေတာပေါ. . .

စာထဲမှာ နွားစာ အမျိုးမျိုးအကြောင်းပဲ ပါလာတယ်. . . ကောက်ရိုးမြက်၊ ဖွဲနုတွေ ဖြစ်တယ်. . .
သူ့သွားရည်ကျစရာ စာရင်းမတွေ့တာမို့ ခွေးက "စာကို ကျော်ဖတ်ကြည့်ပါဦး မိတ်ဆွေရယ်. . . ..
ခင်ဗျား တစ်ကြောင်း နှစ်ကြောင်းလောက် ကျော်ဖတ်ရင် အသားတုံးတွေ ၊ အရိုးတွေပါတာ တွေ့ပါလိမ့်မယ်. . . "
တဲ့. .

ဒါပေမယ့် လားက စာကို အစမှ အဆုံး ဖတ်ပြီးတဲ့နောက် ခွေးအတွက် အစာ စာရင်း မပါဘူးဆိုတာသိပါတယ်. . .
 ဒီတော့ ခွေးက "ဒီစာကို လွှင့်ပစ်လိုက်စမ်းဗျာ . . . . ဘာမှ အသုံးမကျတဲ့ စက္ကူစုတ်ပါ. . . ." လို့ ဆိုလိုက်သတဲ့ . . .

                    
ဒီပုံပြင်လေးက တော့ . ကိုယ့်အကျိုးမပါရင် စိတ်မ၀င်စားတတ်တဲ့ သဘာဝကို ဖော်ပြတာပါ
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



လင်းယုန်မ နှင့် မြေခွေးမ


လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ်
ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. .

သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့
နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ
ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ
အဖို့ အစာရလိုက်တယ်. . .

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား
မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . .ကုန်းမှာပဲ သွားလာနိုင်သူက
လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. .

သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့် မကြာပါဘူးလေ. .
မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .

လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး
နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီအချိန် မှာ
လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို
မီးစွဲလောင် ပါလေရော တဲ့. . .

အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို
ကျသွားတယ်. . ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့
မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက်တယ်. .

       
ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့
ဒဏ်မခတ်နိုင်ပေမယ့်. . . ဘုရားသခင် ရဲ့ အပြစ်ပေးမှုကိုတော့
မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



ကိုယ့်ကိစ္စပဲကိုယ်လုပ်

လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ၀ံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို
မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . .

ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. .
လားက ခြံစည်းရိုးတစ်ခုကို ခုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို
နှုတ်ပေးဖို့ပါ. . . ဒါမှ ၀ံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . "

ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .
ဝံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ၀ံပုလွေရဲ့ ပါးစပ်ကို
ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . .

ဒီတော့မှ ၀ံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . .


"ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . .
အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့


ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. .
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



ဗေဒင်ဆရာ အတွက်မှားလို့


ဗေဒင်ဆရာတစ်ယောက်ဟာ ဈေးထဲမှာ ဗေဒင်ဟောနေတယ်. . . အလွန်လည်း ဟောရသတဲ့.

တစ်နေ့မှာ လူတစ်ယောက်က ရုတ်တရက် ရောက်လာပြီး "ခင်ဗျားအိမ်မှာ တံခါးချပ်တွေ ပြုတ်ထွက်နေတယ်
အိမ်ထဲက ပစ္စည်းတွေကို ယူသွားကြကုန်ပြီလို့ "လာပြောတာပေါ့. . . .

ဒီစကားကိုကြားတဲ့အခါမှာ ဗေဒင်ဆရာ ဟာ ဖြုန်းကနဲ ထပြီး "ကုန်ပါပြီဗျာ" လို့အော်လိုက်ပါတယ်. .

ဒါကို လူတစ်ယောက် က "အခြားသူတွေကို ဘယ်လို ကံကြမ္မာဆိုး ကြုံရမယ်ဆိုပြီး ခင်ဗျား ဟောပြောနေသူပဲ. . . .
ဒါပေမယ့် ခင်ဗျားရဲ့ ကံကြမ္မာကိုတော့ ခင်ဗျား ကြိုတင် သိမနေဘူး လား " လို့ ဆိုလိုက်ပါတယ်. .


ဒီပုံပြင်လေးကတော့ တတ်ယောင်ကား လုပ်ကိုင်နေသူတွေကို ပြောလိုတာပါ. .
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ

 ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ
သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို
သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .
သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .

အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို
လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .

သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . .
အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . .
ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .


လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်။
 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



လူ့လောက ကမ္ဘာ နွားနို့ပုံပြင်


တစ်ခါက ပါချောချောနဲက ပေါချာချာ ဘုရင်ကြီးတစ်ပါးရှိသတဲ့. . . အဲ့ဒီဘုရင်ကြီးဟာ သူနေထိုင်တဲ့ နိုင်ငံက
နွားမွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် နွားနို့လည်း အလွန်ပေါဆိုပဲ. . . သူ့ရဲ့နိုင်ငံ
သာလျှင် ကမ္ဘာပေါ်မှာ နွားနို့အထွက်များဆုံး နိုင်ငံဆိုပြီး အမြဲ ဂုဏ်ယူဝင့်ကြွားနေတယ်. . . တစ်နေ့မှာတော့
အင်တာနက်ဖွင့်ကြည့်ရင်း ကမ္ဘာက နွားနို့အထွက်များဆုံးဆိုတဲ့ နိုင်ငံတွေရဲ့ စာရင်းကို သွားတွေ့သတဲ့. . .

အဲဒီမှာ သူ့နိုင်ငံအမည် စာရင်း ပါမလာတာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါပွသွားပြီး သူပိုင်ဆိုင်တဲ့
နန်းဆောင်ကြီး တစ်ခုလုံးကို နို့ရည်နဲ့ ဆေးကြောပြမယ်. . . နို့ရည် မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀၀၀ ကျော်
အသုံးပြုပြမယ်ဆိုပြီး သူပိုင်တဲ့ ၀က်ဘ်ဆိုက်ကနေ အင်တာနက်က တစ်ဆင့် ကမ္ဘာကို ပြန်ကြေငြာလိုက်သတဲ့ . . .

ဘုရင်ကြီးဟာ မြို့သူ မြို့သားတွေ အကုန်လုံးကို တစ်ယောက်ကို နို့တစ်ပုံးကျ ယူဆောင်လာစေပြိး မက်ထရစ်
တန်ချိန် ဂါလံပေါင်း သိန်းထောင်ချီဆန့်တဲ့ ဧရာမကန်ကြီး ကို ပြင်ဆင်ပြီး ထည့်ခိုင်းသတဲ့. . . . ကမ္ဘာအရပ်ရပ်က
စိတ်ဝင်တစား လာကြည့်တဲ့သူတွေ ၊ ကမ္ဘာ့နိုင်ငံတကာ သတင်းထောက်တွေဟာလည်း သတင်းထူးမို့ ဦးဦးဖျားဖျား
သတင်းလာယူကြ၊ ဘုရင်ကြီးကို အင်တာဗျူးကြနဲ့. . .

ဆင်းရဲသား မိသားစုက ငါတို့မိသားစု ရေတစ်ပုံးစီ ရောတာလောက်နဲ့ ဘုရင်ကြီးကန်ထဲက နွားနို့တော့
မသိသာပါဘူး လို့ တွေးတယ် . . ပုဏားကြီးကလည်း သူ့ရေတစ်ပုံးနဲ့ နွားနို့တစ်ကန်လုံး ဘာမှ မဖြစ်ပါဘူး
လို့ စဉ်းစားတယ်. . . သူဌေးကြီး လင်မယားကလည်း ငါတို့ရေပဲထည့်မယ်. . . မသိသာပါဘူး ကွာလို့ဆိုတယ်. . .
ဖိနပ်ချုပ်တဲ့ကောင်ကလည်း ရေ. . . အရက်ပုန်းရောင်းတဲ့လူကလည်း ရေ. . . မြို့စားကြီးကလည်းရေ. .
ရဲမက်တွေကလည်းရေ. . . ဘီယာစတေရှင်ဖွင့်ထားတဲ့လူကလည်း ရေ. . . သီချင်းဆိုတဲ့လူကလည်း ရေ. . .
ဗေဒင်ဆရာကလည်းရေ. . . ကျောင်းဆရာကလည်းရေ. . . နွားပွဲစားကလည်းရေ. . . ရွှေကုန်သည်ကလည်း ရေ. . .

ဒီလိုနဲ့ ရေတစ်ပုံးလောက်များမသိသာပါဘူး ဆိုပြီး အတွေးတူ စိတ်ကူးတူတွေနဲ့ နွားနို့အစား ရေတွေတစ်ပုံးပြီး
တစ်ပုံး ထည့်သွားကြတာ မိဖုရားခေါင်ကြီးကိုယ်တိုင်ရေတစ်ပုံးထည့်ခဲ့သတဲ့. .

ဘုရင်ကြီးလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကြားမှာ ခွက်ခွက်လန်ပါတော့သတဲ့ကွယ်. . .
အဲဒီတော့မှ လူ့ လောက ကမ္ဘာက လူတွေအကြောင်းကို ဘုရင်ကြီး ကောင်းကောင်း သိသွားတော်မူသတဲ့ကွယ်. .


 ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘  ◘◘◘◘



မျက်စိကုဆေးဆရာ


အဘွားတစ်ယောက်ရဲ့ မျက်စိကို မျစ်စိကုတဲ့ ဆေးဆရာဆီမှာ အခပေးလျက် ကုသစေတယ်. . .

သူ့မျက်လုံးကို ဆေးလိမ်းရမှာကို ဆေးလိမ်းတဲ့အကြိမ်တိုင်းမှာ မျက်လုံးကို ပိတ်ထားရမယ်လို့ ဆေးဆရာက
ပြောပြီး ဆေးလိမ်းပေးပါတယ်. . . .. မျက်လုံးပိတ်ထားတုန်းမှာ ဆေးဆရာက
အဘွားရဲ့ ပစ္စည်းတွေကို ခိုးယူနေတာကိုး . . .

မျက်စိအမြင်ပြန်လည်ကောင်းမွန်သွားတဲ့အခါ စည်းထားတဲ့ ပတ်တီးကို ခွာလိုက်ပြီး . . .
ပြောထားတဲ့ ဆေးဖိုးဝါးခ အတိုင်းတောင်းလေရောတဲ့ . . . အဲဒီမှာ အဘွားက ဆေးကုသခကို မပေးတော့ဘူး. . .
ဒါကြောင့် ဆေးဆရာက တရားရုံးမှာ တိုင်တန်းပါတယ်. . .

အဘွားက ဆေးကုသကို မပေးရတဲ့ အကြောင်းကတော့ မျက်စိမြင်ရဖို့ အခပေးကာ ဆေးကုသစေခဲ့တာ
ဟုတ်ပါတယ်. . . . ဒါပေမယ့် ဆေးကုသပြီးပါမှ မျက်စိဟာ အရင်ကထက် ပိုဆိုးနေကြောင်းကို ပြောပြပါတယ်. . .

သူဆေးမကုခင်ကမှ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို မြင်နိုင်ပါသေးတယ်. . . အခုမှ အိမ်က ပစ္စည်းတွေကို
မတွေ့မမြင်ရတော့ဘူးတဲ့. . . ဒါကြောင့် မျက်စိ ဆေးကုသခကို သူ မပေးနိုင်ပါဘူးလို့ ဆင်ခြေပေးလိုက်ပါတယ်. .


အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. .
နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်။

No comments:

Post a Comment

Print Friendly and PDF