Wednesday 23 November 2011

ဧရာမ မြွေပွေးကြီးနှင့် ထိုလူ(ဖြစ်ရပ်မှန်)

ဟုတ်ပါတယ်။ ဧရာမ မြွေပွေးကြီးတစ်ကောင်ပါ။ လုံးပတ်က ဆူမိုနပန်းသမားကြီးရဲ့ ခြေသလုံးလောက် ရှိမယ်ထင်တယ်။ အရှည်က ဝါးတစ်ပြန် ဝန်းကျင်လောက် ရှိပါတယ်။ အရောင်က မြေရောင်သမ်းနေပုံထောက်ရင် တွင်းအောင်း နှစ်ချို့ မြွေကြီးတစ်ကောင်လို့လည်း ပြောလို့ရပါတယ်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ဘက်က ရွာတစ်ရွာမှာပေါ့။ အောင်မောင်းလို့ခေါ်တဲ့ လူတစ်ယောက် ရှိပါတယ်။ သူဟာ သိတတ်စ အရွယ်ကတည်းက တိရစ္ဆာန်တွေကို သတ်ခဲ့တဲ့ လူတစ်ယောက်ပါ။ မြွေဆိုတဲ့ သတ္တဝါကိုတော့ ဘယ်တော့မှ အလွတ်ပေးတယ်ဆိုတာ မရှိခဲ့ပါဘူး။ သူဟာ အသားမပါရင် ထမင်း မမှိန်ဘူးဆိုတဲ့ လူတစ်ယောက်ပါပဲ။ တိရစ္ဆာန်တွေကို အခါခါ သတ်ခဲ့တဲ့ သူ့ရဲ့ဘဝမှာ တိရစ္ဆာန်တွေရဲ့ အန္တရာယ်ပြုမှုတွေကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ ဒါပေမယ့် ကံဇာတာရဲ့ မျက်နှာသာပေးမှုကြောင့် အသတ်ဘေးက သီသီလေး
လွတ်ခဲ့ရပေါင်းလည်း မနည်းခဲ့ပါဘူး။ အခု သူ့ဘဝရဲ့ မှတ်တမ်းထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဧရာမ တွင်းအောင်းမြွေပွေးကြီးနဲ့ ကြုံခဲ့ရတာကို ပြောပြပါမယ်။
အဲဒီနေ့က သူရယ်၊ သူ့မိန်းမရယ် နှစ်ယောက်သား နွားစာအတွက် မြက်ခြောက်ရိတ်ဖို့ ထွက်လာခဲ့ကြတယ်။ ထင်းလည်း ခုတ်ရင်းပေါ့။ ဦးဖြူရိုးနားရောက်တော့ သူတို့ အလုပ်လုပ်ဖို့ ပြင်ကြပါတယ်။ ဦးဖြူရိုးက ဝါးတစ်ပြန်ခွဲ လောက်တော့ ကျယ်ပါလိမ့်မယ်။ ( ရိုး ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာကို "ကျွန်တော်ကြားခဲ့ရသော ကြက်တစ္ဆေတို့၏ အသံများ" မှာ ရေးခဲ့ပြီးပါပြီ။ ) အဲဒီလို အလုပ်လုပ်ဖို့ ပြင်နေကြတဲ့ အခိုက်မှာပဲ ဝုန်း ဆိုတဲ့ အသံကြီးကို ရုတ်တရတ် ကြားလိုက်ရပါတယ်။ ကမ်းပါး ပြိုတာလို့ပဲ သူတို့က ထင်လိုက်ပါတယ်။ ဒါနဲ့ သူ့မိန်းမက အောင်မောင်းကို စကားလှမ်းပြောဖို့ လှည့်လိုက်တော့ ... ဧရာမ မြွေကြီးတစ်ကောင် .... ။ မြွေကြီးမှာ ရိုး၏ တစ်ဘက် ကမ်းပါးမှနေပြီး အောင်မောင်းတို့ရှိရာဘက် ကမ်းသို့ ခုန်ကူးလာခဲ့ခြင်း ဖြစ်သည်။
"အောင်မောင်း .... အောင်မောင်း"
"ဘာတုန်းဟ၊ မိန်းမရဲ့"
အောင်မောင်းကတော့ မြွေကြီးကို မမြင်။
"နင့် ... နင့် နောက်မှာ မြွေ .... မြွေကြီး"
အောင်မောင်း တစ်ယောက် နောက်ကိုလည်း လှည့်ကြည့်လိုက်ရော မြေမှုန့်ရောင် သမ်းနေတဲ့ ဧရာမ မြွေပွေးကြီးကို တွေ့လိုက်ရပါတယ်။ အောင်မောင်း တစ်သက် မြွေတွေကို သတ်ခဲ့ပေါင်း များပေမယ့် ဒီလောက် ကြီးတဲ့မြွေကြီးကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ အောင်မောင်းတစ်ယောက် မြွေကြီးကို ကြောင်ပြီးကြည့်နေပါတော့တယ်။ မြွေကြီးက အောင်မောင်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည်။
"အောင်မောင်း ပြေး ..... ပြေး"
သူ့မိန်းမရဲ့အသံကို ကြားတော့မှ အောင်မောင်း သတိဝင်ပြီး ခြေဦးလှည့်ကာ တစ်ချိုးတည်း ပြေးတော့သည်။ သူ့မိန်းမကလည်း ကြောက်အား လန့်အားနဲ့ သူ့ယောက်ျားနဲ့အတူ ပြေးပါတော့သည်။ မြွေကြီးကလည်း ဘယ်ရမလဲ။ နောက်ကနေ လိုက်တော့တာပေါ့။
အောင်မောင်း နောက်ကို လှည့်မကြည့်။ ခြေဦးတည့်ရာ စွက်ပြေးသည်။ မြွေကြီးကလည်း အောင်မောင်းနောက်က တရှုးရှုး တရှဲရှဲနဲ့ လိုက်သည်။ တစ်ခါတစ်ခါ အောင်မောင်းနဲ့ ကွာသွားပြီဆိုရင် မြွေကြီးက အမြီးထောက်ကာ ခုန်လိုက်သည်။ မြွေကြီးမှာ အောင်မောင်းနောက်ကို ဒေါသတကြီး လိုက်နေပေမယ့် အောင်မောင်းနဲ့ မလှမ်းမကမ်းက ပြေးလိုက်နေတဲ့ အောင်မောင်း မိန်းမကိုတော့ ရှိသည်လို့တောင် မထင်။ ဘာမှ မလုပ်။ နောက်တော့ အောင်မောင်းရဲ့ မိန်းမ သူ့ယောက်ျားရဲ့ အပြေးကို မှီအောင် မလိုက်နိုင်တော့။ ယာခင်းပြင်တွေပေါ်မှာ အောင်မောင်းနဲ့ မြွေကြီးကတော့ စိန်ပြေးလိုက်တမ်း ကစားနေကြသလို။
"အောင်မောင်း ... နင့်လက်ထဲက ဓားကို လွတ်ချခဲ့ .... "
သူ့မိန်းမက အော်ပြီး သတိလှမ်းပေးသည်။ ထင်းခုတ်ဖို့ ယူလာတဲ့ ဓားက အောင်မောင်းရဲ့ လက်ထဲမှာရှိနေသည်။ အဲဒီဓားကို လွတ်ချခဲ့ဖို့ အောင်မောင်းကို သတိလှမ်းပေးခြင်း ဖြစ်သည်။ တစ်ခါနဲ့ မကြား၊ သုံးလေးခါလောက် အော်ပြီး လှမ်းပြောမှ အောင်မောင်းတစ်ယောက် သူ့လက်ထဲက ဓားကို လွတ်ချခဲ့ပါသည်။ အပြေးကတော့ မရပ်။ ခြေဦးတည့်ရာ စွက်ပြေးသည်။ မြွေကြီးက အောင်မောင်း လွတ်ချခဲ့တဲ့ ဓားကို ဒေါသတကြီး ရစ်ပတ်သည်။ ကံဆိုးချင်တော့ ဓားက ထင်းခုတ်ဖို့ မနက်ကမှ သွေးလာသည့်အတွက် ထက်လွန်းနေပါသည်။ နောက်ဆုံးမှာတော့ ဧရာမ မြွေပွေးကြီး သွေးချင်းချင်းနီးပြီး သေသွားခဲ့ပါသည်။ မြွေကြီး သေ၊ မသေကို အောင်မောင်း မသိ။ ပြေးလို့ကောင်းနေတုန်း။ နောက်တော့ အောင်မောင်း မြင့်တဲ့ ထန်းပင်ပေါ် တက်ပြေးသည်။
" အောင်မောင်း .... ဆင်းခဲ့တော့ "
"မြွေကြီးက သေနေပြီ ...."
ထိုအနားတစ်ဝိုက်တွင် ရှိနေသော ဦးကြီး သာအေးက အောင်မောင်းကို လှမ်းပြောသည်။ အောင်မောင်း ဆင်းမလာသေး။
"ဟေ့ကောင် ... ဆင်းခဲ့တော့ ... မြွေကြီးက သေနေပြီ"
အောင်မောင်း တစ်ယောက် ထန်းပင်ပေါ်က ဆင်းလာတော့ ဒူးတွေလည်း တုန်၊ ဟောဟဲ ဟောဟဲနဲ့ လျှာတောင် ထွက်လို့။
"ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကြီးတဲ့ မြွေမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူးကွာ။ ဒီအနားမှာ ငါတို့ လုပ်ကိုင်စားလာခဲ့တာလည်း အခုအချိန်ထိပါပဲ။ ဒါပေမယ့် ဒီလို မြွေကြီးမျိုး မြင်ဖူးဖို့ မပြောနဲ့။ ဒီနားမှာ ရှိတယ်လို့တောင် တစ်ခါမှ မကြားခဲ့ဖူးဘူး "
ဦးကြီးသာအေးက အောင်မောင်းတို့ကို ပြောသည်။
"မြွေပွေးဆိုတာ သူ့ကိုမထိရင် ဘယ်တော့မှ မလိုက်ဘူး။ ဒါပေမယ့် မင်းနောက်ကိုတော့ လိုက်နေပြီ အောင်မောင်းရေ ... ။ သေးသေးလေးလည်း မဟုတ်ဘူး။ တကယ့် ဧရာမကြီး။ သတိထားပေတော့ အောင်မောင်း။ မင်းကိုတော့ မြွေတွေက တော်တော်ငြိုးနေပြီဆိုတာ ဒါကို ကြည့်ခြင်းအားဖြင့် သေချာတယ် ... ဟေ့"
"ဘာပဲပြောပြော၊ မြွေသေကြီးကိုတော့ ငါယူသွားမယ်"
ပြောပြောဆိုဆို ဦးကြီးသာအေးမှာ မြွေအသေကြီးကို ယူဖို့အတွက် သွားပါတော့သည်။ အောင်မောင်းတို့ လင်မယားမှာလည်း ထိုနေ့အဖို့ မြက်ခြောက်မရိတ်၊ ထင်းမခုတ်တော့ဘဲ လက်ချည်းဗလာနဲ့သာ ရွာသို့ ပြန်လာခဲ့ပါတော့သည်။ မြွေပွေးကြီး၏ သတင်းမှာလည်း ရွာထဲတွင် တစ်ခဏချင်း ပြန့်သွားပါတော့သည်။
ဒါဟာ ကျွန်တော်တို့ရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ အခုအချိန်တွင် ဦးအောင်မောင်းမှာမူ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။ မြွေ၏ ပယောဂနှင့် ထန်းပင်ပေါ်မှ လိမ့်ကျကာ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်

No comments:

Post a Comment

Print Friendly and PDF