Sunday 13 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၆)

နှုတ်ဆက်တာပါ
ဘရက်ဇညက်က သေအံ့မူးမူး ဖြစ်နေပြီး အိပ်ရာထဲ လဲနေတယ်။ အဲဒီ အချိန်မှာ ရဲဘော်ကြီး အင်ဒရိုပေါ့က ဝင်လာတယ်။
“ခေါင်းဆောင်ကြီး ဘရက်ဇညက်” ဘရက်ဇညက်က ဘာမျှ မတုံ့ပြန်ဘူး။ အဲဒါကြောင့် အင်ဒရိုပေါ့က ခပ်ကျယ်ကျယ် ထပ်ခေါ်လိုက်တယ်။
“ခေါင်းဆောင်ကြီး ဘရက်ဇညက်”
“ဟင် … ဘယ်သူလဲကွ”
“ကျွန်တော်ပါ။ ရဲဘော် အင်ဒရိုပေါ့”
“မင်းက ဒီကို ဘာလာလုပ်တာတုံး”
“ခေါင်းဆောင်ကြီးကို ခွဲခါနီး လာနှုတ်ဆက်တာပါ” ဘရက်ဇညက်က စဉ်းစားတယ်။ ပြီးတော့ အခုလို ပြောပါတယ်။
“ခွဲခါနီး လာနှုတ်ဆက်တာ။ ဟုတ်လား။ မင်းက ဘယ်သွား မလို့တုံး”

ခေါင်းထားတဲ့ဘက်
ပူစီကက်ရဲ့ သူငယ်ချင်းမတစ်ယောက်ဟာ ရန်ကုန်မှာ အဆောင်လာနေပြီး ကျောင်းတက်
ပါတယ်။ အဆောင်တွေမှာ ရေရှားတာ၊ လူမသန့်တာ၊ ဆူညံတာတွေကြောင့် စိတ်တိုင်း မကျတဲ့အတွက် ခဏခဏ အဆောင်ပြောင်းပါတယ်။
ဒီတစ်ခါ အဆောင်ပြောင်းတဲ့အခါ အရွှေ့အပြောင်း ၅ ရက်လောက်လိုသေးလို့ ပူစီကက်တို့အိမ်မှာ ခဏနေဖို့ ပြောပါတယ်။ သူ့အမေက ပူစီကက်ကို
“သမီး သူငယ်ချင်းက အမေတို့နဲ့ ဘာသာမတူတော့ သူဘယ်ဘက်ကို ခေါင်းထား အိပ်တာလဲ သမီးသိလား”
ဥာဏ်ကြီးရှင် ပူစီကက်ရဲ့အဖြေကြောင့် သူ့အမေနဖူးကို ဖျက်ခနဲ ရိုက်လိုက်ပါတယ်
“ခေါင်းထားအိပ်တဲ့ဘက်ကိုတော့ မသိဘူး။ ခြေထောက်ထားတဲ့ဘက်ကိုတော့ သမီးသိတယ် အမေ”

ဘေးထွက်ဆိုးကျိုး
ဝနေတဲ့ ဦးသန်းမြင့်ဟာ ပိန်ချင်လွန်းလို့ အလှပြင်ဆိုင်က မာမီတစ်ယောက်နဲ့ တိုင်ပင်ပြီး အားကစားရုံကို နေ့တိုင်းသွားပါတယ်။ သူ့မိန်းမပါ အားကစားရုံ လိုက်လာပြီး ကစား ကြပါတယ်။ တစ်လလောက်ကြာတော့ သူက အဆီမကျဘဲ သူ့မိန်းမက အဆီကျ လှပသွားပြီး အားကစားရုံမှာ တွေ့ရတဲ့ မော်ဒယ်ဘွိုင်း ကောင်လေးနဲ့ ပါသွားပါတယ်။ စိတ်ဆင်းရဲနေတဲ့ ဦးသန်းမြင့်က အဆီချဖို့ တိုင်ပင်တဲ့ မာမီကို သွားရန်တွေ့ပါတယ်။
“ခင်ဗျားပြောလို့ အားကစားရုံကို သွားပြီး ကစားတာ အခုတော့ မိန်းမပါ ပါသွားပြီ၊ အဲဒါ ခင်ဗျားကြောင့်”
“အစကတည်းက များပြောသားပဲ၊ ကစားတယ်ဆိုပေမယ့် နည်းစနစ်မှားရင် ဘေးထွက် ဆိုးကျိုးရှိနိုင်တယ်လို့”

ဘယ်မှာ ညှပ်မှာလဲ
ရပ်ကွက်ထဲက ဆံသဆိုင်ရှေ့မှာ ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေ ကြားရပြီး ဆံသဆရာရဲ့ ခေါင်းမှာ ပေါက်ပြဲဒဏ်ရာကို တွေ့ကြရပါတယ်။ ဆိုင်အပြင်ဘက်ကို ဆံပင်ညှပ်မယ့်သူ တစ်ယောက် ဒေါသတစ်ကြီး ပြန်ထွက်လာတာ တွေ့လို့ မရွှေခြယ်က ဆိုင်ထဲဝင် မေးလိုက်ပါတယ်။
“ဘာဖြစ်ကြတာလဲရှင့်”
“အဲဒီလူပေါ့ဗျာ၊ ဆံပင်ညှပ်မယ်ပြောပြီး ဆိုင်ထဲဝင်လာတာ၊ ကျွန်တော်က မေးခွန်းနှစ်ခုမေးလိုက်လို့ စိတ်ဆိုးသွားတယ်”
“ဘာတွေ မေးလိုက်လို့လဲ”
“ဘယ်ပုံ ညှပ်မှာလဲလို့”
“ဒါများ စိတ်ဆိုးစရာလားရှင်”
“မဟုတ်ဘူး အမရဲ့၊ နောက်တစ်ခွန်းကို စိတ်ဆိုးသွားတာ”
“ဘာလဲ အဲဒါက”
“ဘယ်မှာ ညှပ်မှာလဲလို့ မေးလိုက်လို့”

အကြံပေးလောက
မတ်စောက်တဲ့ မြစ်ကမ်းနဖူးတစ်နေရာမှာ လည်ပင်းကို ကျောက်တုံးဆွဲထားတဲ့ လူငယ်တစ်ယောက်နဲ့ ခန့်ခန့်ညားညား ဝတ်ဆင်ထားတဲ့ မိန်းမကြီး တစ်ယောက် ဆုံမိကြပါတယ်။
“ဟယ်တော် ….. လည်ပင်းမှာ ကျောက်တုံးကြီးနဲ့ ပါလား၊ မင်းဘာလုပ်မလို့လဲ”
“ကျွန်တော့်ချစ်သူ သစ္စာဖောက်သွားလို့ သေချင်လို့ပါ အန်တီ”
“အို ဒါလေးများ လွယ်ပါတယ်ကွာ၊ ဟောဟိုနားက ရေပိုနက်တယ်၊ စုပ်ဝဲကြီး ရှိတယ်၊ အဲဒီဝဲထဲကျရင် ဘယ်လိုမှ အသက်မရှင်နိုင်ဘူး၊ ပြီးတော့ ကျောက်ခဲနှစ်လုံး ထပ်ချည်လိုက်ဦး”
“အန်တီက ဘယ်သူလဲဗျ”
“အန်တီက မဂ္ဂဇင်းတွေထဲက အကြံပေးလောကမှာ နာမည်ကြီးတဲ့ အန်တီဂရုဏာရှင်ဆိုတာပဲကွဲ့”

သိနေတယ်လေ
မျက်နှာနဲ့ ခြေလက်တွေ ဖောရောင်နေတဲ့ အရက်သမားတစ်ယောက် ဆေးခန်းတစ်ခုထဲ ဝင်သွားတော့ ဆရာဝန်က ဖော်ရွေစွာနဲ့ ဆီးကြိုပြီး စစ်ဆေးပေးပါတယ်။
“ခင်ဗျား ခန္ဓာကိုယ်မှာ ရေဓာတ်များနေတယ်၊ အရက်လျှော့သောက်ပါ၊ ကြာရင်ဝမ်းဗိုက်တွေပါ ရေနဲ့ ပြည့်လာလိမ့်မယ်”
“အရက်ကိုတော့ မဖြတ်ပါရစေနဲ့၊ တခြားကုထုံးလေး ပေးပါဦး”
“ဒါဆိုရင် ခင်ဗျားသောက်နေကျဆိုင်မှာ မသောက်တော့ဘဲ တခြားဆိုင်ပြောင်းသောက်ဗျာ၊ ဒီဆိုင်က ရေရောတာ တရားလွန်တယ်”
“ဆရာက ကျွန်တော့်ဆိုင်အကြောင်း သိတယ်နော်”
“ခင်ဗျားသောက်တဲ့ဆိုင်နဲ့ ကျွန်တော်သောက်တဲ့ဆိုင်က တစ်ဆိုင်တည်းပဲလေ”

မဖြေနိုင်တဲ့ မေးခွန်း
အပျိုကြီး မရွှေခြယ်တစ်ယောက်သည် အသုဘဆွမ်းကျွေး၊ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနား၊ သွားလေသူအတွက် ဝတ်ပြု ဆုတောင်းပွဲများသို့ တက်ရောက်လေ့ရှိသည်။ သူ့အိမ်နီးချင်းက သူ့ကို မေးသည်။
“မရွှေခြယ်က နာရေးနဲ့ ပတ်သက်တဲ့ပွဲကိုပဲ သွားတယ်နော်၊ မင်္ဂလာဆောင်တွေကျတော့ မသွားဘူး၊ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆိုသလို ကုသိုလ်ပိုရချင်လို့လား”
“မဟုတ်ပါဘူး၊ အဲဒီလိုပွဲတွေမှာ ဘယ်သူကမှ ‘ခင်ဗျားအလှည့် ဘယ်တော့လဲလို့’ မမေးကြလို့ပါ”

အကြောင်းရင်း
ကိုကြီးချမ်းဟာ မော်ဒယ်လေးတွေ၊ မင်းသမီးလေးတွေကို သိပ်သဘောကျပါတယ်။ ဗီဒီယို မင်းသမီးလေးတွေကို ရလိုရငြား အကြံအစည်နဲ့ စာရေးဆရာ လုပ်နေရာကနေ ဇာတ်ညွှန်းဆရာဘက် ပြောင်းသွားပါတယ်။ သူ့ပါးစပ်ကတော့ စိတ်ထဲက ဆန္ဒနဲ့ အမြဲ ဆန့်ကျင်နေပါတယ်။
“ငါကတော့ ရုပ်ရှင်လောကထဲရောက်နေပေမယ့် မင်းသမီးတွေကို ယူဖို့မပြောနဲ့ ကြိုက်တောင် မကြိုက်ဘူး”
ဓာတ်မသိတဲ့ ချိုဝိုင်က မေးလိုက်ပါတယ်။
“ဘာဖြစ်လို့ မကြိုက်ချင်တာလဲ” ဓာတ်သိတဲ့ ဝေမှူးက ဖြေလိုက်ပါတယ်။
“သူတို့ဘက်က မကြိုက်လို့ပေါ့ကွ”

တော်တော်ညံ့တာ
ဖိုးတက် ။ ။ ဟေ့ကောင် ဇော်ထွန်း၊ ဆပ်ကပ်သွားကြည့်တာ ကောင်းလားကွ။
ဇော်ထွန်း ။ ။ အခြားပြကွက်တွေ ကောင်းပေမယ့် ဓားပေါက်ခန်းတော့ ငါမကြိုက်ဘူးကွ။
ဖိုးတက် ။ ။ ဘာဖြစ်လို့လဲ။
ဇော်ထွန်း ။ ။ ဓားပေါက်တဲ့လူက တော်တော်ညံ့တာကွ၊ အချက် ၂၀လောက် ပေါက်တာတောင် တစ်ချက်မှမမှန်ဘူး။

စော်ကားမှု
ဂျာနယ်သတင်းထောက် တစ်ဦးကို ထိုးကြိတ်သောကြောင့် ဘာသာတော့ဗ်အား ဖာဂူဆန်ကရုံးခန်းသို့ ခေါ်ကာဆူသည်။
“မင်းဘာလို့ သတင်းထောက်ကို ဒီလောက်အထိ ထိုးတာလဲကွ။ သွားတွေတောင် ကျိုးသွားတယ်”
“ဆရာမသိဘူးနော်... သူကျွန်တော့်ကစားပုံတွေ၊ ဂိုးသွင်းပုံတွေကို ဂျာနယ်ထဲမှာ ဖော်ပြတယ်ဗျ...”
“ဟ... ဒါကောင်းတာပေါ့။ မင်းအတွက် ဂုဏ်ယူစရာပဲဟာ”
“ဘယ်ကလာဆရာရယ် ...။ သူဖော်ပြတာက ရယ်စရာကဏ္ဍမှာဗျ...”


No comments:

Post a Comment

Print Friendly and PDF