Tuesday 8 November 2011

ပင်ပန်းနွမ်းနယ်စေနိုင်သော အလေ့အထဆိုးများ

သင်ဟာ နေ့စဉ်လိုလို အလုပ်တွေများလွန်းတဲ့အတွက် ပင်ပန်းလှချည်ရဲ့လို့ ညည်းညူနေမိပါသလား။ သင်ဟာ အလွန်ပင်ပန်းနွမ်းနယ်နေရတာက အလုပ်တွေများလွန်းပြီး သင့်ခန္ဓာကိုယ်က လုပ်နိုင်တာထက် ပိုလုပ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပေမယ့် အများအားဖြင့်တော့ သင်အမှတ်တမဲ့ လုပ်နေမိတဲ့ အလေ့အထ ဆိုးတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဒီအလေ့အထဆိုးတွေကို နေ့စဉ်သတိထားပြီး ပြုပြင်လိုက်ရင် ပင်ပန်း နွမ်းနယ်မှုတွေ ပျောက်ပြီး အားအင်ပြည့်ဝလန်းဆန်းသွားမှာပါ။
ကိုယ်ဟန်အနေအထား
သင်ဟာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါ ကိုယ်ဟန်အနေအထား
တစ်မျိုးတည်းမှာ အကြာကြီး နေမိတတ်ပါတယ်။ အလုပ်စားပွဲမှာ အချိန်အကြာကြီး ထိုင်နေမိတတ်တာ ဒါမှမဟုတ် အိမ်အလုပ်တွေလုပ်တဲ့အခါ ခန္ဓာကိုယ်တစ်ဖက်တည်းရဲ့ အားကိုသာ ဆက်တိုက်သုံးမိတာ ဒါမှမဟုတ် ကလေးချီတဲ့အခါ တစ်ဖက်တည်း အကြာကြီး ချီထားမိတာမျိုးပါ။
ဒီအခါ သင့်ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်လာမှာဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုတွေဟာ ချက်ချင်းပြေပျောက်မသွားနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်က အချိန်တိုင်းလိုလို ဒဏ်ဖြစ်နေပြီး သွေးလှည့်ပတ်မှု၊ ဦးနှောက်နဲ့ နှလုံးကို သွေးထောက်ပံ့မှုတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။
အစားအသောက်
သင့်ရဲ့အစာစားတဲ့အလေ့အထဟာ ဒီလိုပုံစံပါလား။ နံနက်စာက အများအားဖြင့် မစားဖြစ်ပါဘူး။ နေ့လည်စာကလည်း ဗိုက်ဆာလာတဲ့အချိန်အထိကို မစားဖြစ်သေးဘူး။ ညစာကျရင်တော့ အာဟာရ ဖြည့်တင်းမှ ဖြစ်တော့မှာမို့ အများကြီး စားပစ်လိုက်တာပဲ။
ဒီလိုဆိုရင်တော့ သင့်ရဲ့ အာဟာရ ရရှိမှုက မမျှတတော့ဘူး။ သင်ဟာ အသီးအရွက်တွေကိုလည်း အစားနည်းပြီး ဆီများတဲ့ အစာတွေကိုသာ ပိုစားမိ နိုင်ပါတယ်။ ဒီအခါမှာတော့ သင့်ခန္ဓာကိုယ်မှာ ပိုတက်စီယမ်ဓာတ်အပါအဝင် လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့လာပြီး သင်ဟာ ပင်ပန်းနွမ်းနယ်လာ ပါလိမ့်မယ်။
အနားယူခြင်း
အလုပ်အားတဲ့အခါ သင်အနားယူတဲ့ပုံစံက အိမ်မှာပဲ အနားယူဖို့ ရွေးချယ်တတ်ပါတယ်။ ဒါက ဖြေလျှော့အနားယူဖို့ အကောင်းဆုံးနည်းလမ်းလို့ သင်ယူဆ တတ်ပါတယ်။ ဒါပေမယ့် တကယ်တော့ သင်ဟာ လေ့ကျင့်ခန်းကို လုံလောက်အောင် မလုပ်ရင် သင့်ခန္ဓာကိုယ် ခုခံအားစနစ်ဟာအားနည်း ကျဆင်းပြီး ပင်ပန်းနွမ်းနယ်နိုင်သလို ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း
သင်ဟာ သင့်ကိုယ်သင် ငယ်သေးတယ်လို့ပဲ အမြဲထင်တတ်ပြီး အခုအချိန်မှာ သင့်ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်သေးဘူး။ ပင်စင်ယူတဲ့ အချိန်ကျရင် ခန္ဓာကိုယ်ပြုပြင်ထိန်းသိမ်းဖို့ အချိန်ကောင်းကောင်းရသွားပြီလို့ ယူဆတတ်ပါတယ်။
တကယ်တော့ ကျန်းမာရေးဆိုတာ အချိန်မရွေးကွဲနိုင်တဲ့ ဖန်ထည်ပစ္စည်းလိုပါပဲ။ အမြဲထိန်းသိမ်းစောင့်ရှောက်နေဖို့ လိုပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင်တော့ သင်ဟာ မောပန်းနွမ်းနယ်နေရုံသာမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာနိုင်ပါတယ်။

No comments:

Post a Comment

Print Friendly and PDF