Thursday 24 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၈)

ပုစွန်ဆိတ်
ဒုတိယတန်း အခြေခံသိပ္ပံဘာသာ သင်သောဆရာမသည် အရေပြားအကြောင်း ရှင်းပြနေသည်။
ထိုစဉ်ငေးနေသော ကျောင်းသူတစ်ယောက်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ကဲ မစုမြတ် အရေပြားဆိုတာ ဘယ်လိုဟာလဲ”
မစုမြတ် ခေါင်းကုတ် စဉ်းစားနေသည်။ မဖြေတတ်။
ဆရာမက သူမ၏ လက်ဖမိုးကို ဆိတ်ဆွဲပြလိုက်ရာ မစုမြတ် မည်သို့ သဘောပေါက် သွားလေသည် မသိ
မစုမြတ်၏ အဖြေကား “ပုစွန်ဆိတ်ပါ ဆရာမ” ဟူသတည်း

ကြာပေါ့

လမ်းသွားလမ်းလာတစ်ယောက် နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“ မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”

အမျက်တော်ရှချင်ပေမယ့်

လိုင်းကားတစ်စီးပေါ်ဝယ် ခရီးသည်တစ်ဦးနှင့် စပယ်ယာလေးတို့ စကားများကြရာဝယ် ...
“မင်းတို့ကားက အထူးကားသာပြောတယ်၊ မတ်တတ်ပဲ စီးရပါလားကွ”
“ဦးလေးမကျေနပ်ရင် ဖုန်းဆက်တိုင်လိုက်ပေါ့”
“မင်းတိုင်ခိုင်းတိုင်း တိုင်ရမှာလားကွ၊ တော်ကြာ တိုင်တိုင်း အရေးယူရင် လိုင်းကားတစ်စီးမှ မကျန်ဘဲ ခရီးသည်တွေ ခြေကျင်လျှောက်နေရမှာပေါ့”
“ဟိုက်”

သည်းခံနိုင်မှ လိုင်းကားစီးပါ

မို့တွင် အတန်ကြာသွားလည်ပြီး ရွာသို့ ပြန်လာသော ဦးကြီးအား တူဖြစ်သူက
“ဦးကြီးတစ်ယောက်မြို့က ပြန်လာပြီးကတည်းက ထူးခြားနေတယ်ဗျို့”
“ဘာတွေထူးခြားနေလို့လဲကွ”
“အရင်က ထစ်ခနဲဆို ဒေါသထွက်ပြီး အခုသည်းခံလွန်းလို့ပါ”
“သည်းခံစိတ်မွေးနိုင်တာ ရန်ကုန်သွားတဲ့ အကျိုးကျေးဇူးပေါ့ကွာ”
“တန်ခိုးကြီးဘုရားတွေဖူးပြီး သံဝေဂတရားတွေ ရသွားလို့လား”
“လိုင်းကားတွေစီးခဲ့ရလို့”
“ဟိုက်”

စိတ်၏ချမ်းသာခြင်း

ကိုဘမောင် အရက်မူးပြီး အိမ်သို့ပြန်ရောက်လာသည်။ တံခါးကိုဖွင့်သည်။ ဝင်ဝင်ချင်း အသံဆိုးကြီးဖြင့် အော်သည်။
“ဟေ့ ငါပြန်လာပြီကွ၊ ငါပြောတာ ကြားလား၊ ပြန်လာပြီကွ ငါ၊ ငါပြောတာ မရှင်းဘူးလားကွ ဟေ”
မည်သူမှ မတုံ့ပြန်ချေ။ ကိုဘမောင် မီးဖိုချောင်ထဲ ဝင်သည်။ ကြောင်အိမ်ကို ဖွင့်ပြီးအထဲမှ ပန်းကန်များကို ကြမ်းပေါ်ကို ပစ်ချသည်။ ကွဲသံရှသံများ မြည်ဟီးသွားသည်။ ကိုဘမောင် ထပ်အော်သည်။
“ဟေ့ ငါပြန်လာပြီကွ။ ကြားလား”
တစ်ခန်းလုံး တိတ်ဆိတ်နေမြဲ၊ ကိုဘမောင် ဧည့်ခန်းထဲဝင်ပြီး ပန်းအိုးကို ပစ်ခွဲသည်။ ရုပ်မြင်စက်ကို စားပွဲနှင့်အတူ ကြမ်းပြင်ပေါ်ပေါက်ချသည်။ အခန်းထဲရှိသမျှ ပစ္စည်းတွေကို ပြောင်းဆန်နေအောင် လုပ်သည်။ ထို့နောက်တွင် ဖိနပ်မချွတ်ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။ နှုတ်မှလည်း ကျေနပ်သံဖြင့် ပြောသည်။
“တစ်ယောက်တည်း နေရတာ တယ်ကောင်းပါလားနော်”

ခြွင်းချက်တွေ ရှိပါတယ်

လူငယ်နှစ်ယောက် စကားပြောနေကြသည်။
“တစ်ပြိုင်တည်း လှလည်းလှ၊ ဥာဏ်လည်းကောင်းတဲ့ အမျိုးသမီးဆိုတာ မရှိတဲ့အတွက် ဝမ်းနည်းစရာပဲနော်”
“ဘာလို့မရှိရမှာလဲ၊ ရှိပါတယ်”
“ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်ဟာ လှတယ်ဆိုရင် ထုံတတ်တယ်။ အဲ.. ဥာဏ်ကောင်းတယ်ဆိုရင် ရုပ်ဆိုးမ ဖြစ်နေတတ်တယ်လေ ဗျာ”
“ခြွင်းချက်တွေ ရှိပါတယ်”
“ဟုတ်ပါတယ်၊ ထုံလည်းထုံ၊ ရုပ်လည်းဆိုးတဲ့ အမျိုးသမီး”

အတုံ့အလှည့်

မော်စကိုမြို့၏ တစ်ခုသော အရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေးရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကို ထုတ်လိုက်ပြီး စားပွဲထိုး၏ လက်ထဲမအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်ပစ်ပေးလိုက်သည်။ ပိုက်ဆံများ ပြန့်ကျဲသွားသည်။ ဘားမင်း၏မျက်နှာ ဒေါသရောင် သန်းသွားသည်။ သို့သော် ဧည့်သည်ကို မည်သို့မှပြန်မပြောချေ။ ပိုက်ဆံများကို ကောက်သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။ နောက်တစ်နေ့တွင် မနေ့က လူကြီးရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ ရူဘယ်ပင်ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။
“ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်းတွေးလိုက်ပြီး ပြန်အမ်းငွေ ၂၃ ရူဘယ်ကို တစ်ရူဘယ်တန် ကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက်ရော့ ပြန်အမ်းငွေ ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။  ပိုက်ဆံများ ပြန့်ကျဲသွားသည်။ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းအိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့ ၄ စေ့ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။ “နောက်ထပ် ဘီယာတစ်ခွက်”

ဒါကြောင့်ကိုး

လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု အားနည်းချို့ယွင်းနေပါက အခြားအစိတ်အပိုင်းတွင် အားကောင်းအောင် သဘာဝတရားသည် ဖန်တီးထားလေ့ရှိကြောင်း ၊ ပါမောက္ခက စာသင်သားတို့ကို ရှင်းပြနေသည်။
“ဥပမာ ဆိုပါစို့။ မျက်စေ့ကန်းတဲ့လူတစ်ယောက်ဟာ အခြားတစ်ဖက်မှာ နား အင်မတန်ဆတ်တဲ့လူ ဖြစ်နေတတ်တယ်။ အလားတူပဲ ယောင်္ကျား ပီသတယ်၊ ခွန်အားဗလ ကောင်းတယ်ဆိုရင် စဉ်းစားဆင်ခြင်မှု အပိုင်းမှာ အားနည်းနေပြန်ရော”
ခန်းမထဲမှ မှတ်ချက်ချသံ ကြားရသည်။
“ဆရာကြီး ဘာကြောင့် ပါမောက္ခဖြစ်လာသလဲဆိုသာ အခုသဘောပေါက်ပြီ”

အသက်ရှည်နည်း

ပန်းခြံထဲထိုင်ပြီး ပီတာလေး ချောကလက်တစ်ခုပြီး တစ်ခုစားသည်။ ခြောက်ခုမြောက် ရောက်လာသောအခါ ခပ်လှမ်းလှမ်းက ခုံတွင် ထိုင်နေသော လူကြီးက ပြောသည်။
“ချာတိတ်၊ ချောကလက် သိပ်စားတာ မကောင်းဘူးကွ၊ သွားပိုးစားမယ်၊ ကြီးလာရင် ထိပ်ပြောင်မယ်ကွဲ့”
“ဒါပေမယ့် ကျွန်တော့်အဘိုး အသက် ၁၀၆ နှစ်အထိ နေသွားတာပဲ”
“ဘာလဲ၊ သူလည်း မင်းလို တစ်နေ့ကို ချောကလက် ခြောက်ခုစားသလား”
“ဟင့်အင်း၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ ဘယ်တော့မှ ဘာမှဝင်မပြောဘူး”

တစ်ခါပဲ ခွင့်လွှတ်တယ်

ရသောလခကို ရေတွက်ကြည့်ရင်းက ကိုဘမောင် ငွေကိုင်စာရေးကို ပြောသည်။
“ကျွန်တော့်ကို ပေးတဲ့လခတစ်ထောင်တိတိ လျော့နေပါလားဗျ”
“ဟုတ်တယ်။ လွန်ခဲ့တဲ့လက ခင်ဗျားကို ကျွန်တော် တစ်ထောင်ပိုပေးခဲ့မိတယ်လေ၊ အဲ့ဒီတုံးက ခင်ဗျား ငြိမ်နေခဲ့တယ် မဟုတ်လား”
“ပထမအကြိမ်မှားတာပဲလေဆိုပြီး သည်းခံခဲ့တာဗျ၊ အခု ဒုတိယအကြိမ် မှားပြန်ပြီဆိုတော့ လွန်လွန်းတယ်ဗျာ”

No comments:

Post a Comment

Print Friendly and PDF