Tuesday 8 November 2011

ဗိုက်ချပ်စေမည့် နည်းလမ်းများ

ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတဲ့ အတွက် ဗိုက်ထွက်ခြင်းဟာ လူအတော်များများမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ရပ်ပါ။ ဗိုက်ထွက်ခြင်းဟာ ခန္ဓာကိုယ်အလှကို ထိခိုက်စေတဲ့ အတွက် မကြာခဏ စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါတယ်။
ဗိုက်ချပ်စေဖို့ အတွက် ဗိုက်လေ့ကျင့်ခန်းတွေ လုပ်ရမယ်လို့ သိထားကြပါတယ်။ ဒါပေမဲ့ ဗိုက်လေ့ကျင့်ခန်းဆိုတာ ဗိုက်ချပ်စေဖို့ လုပ်ရမယ့် နည်းလမ်းတွေထဲက အဆင့်တစ်ဆင့်သာ ဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပြီး ဗိုက်ချပ်ချင်တယ် ဆိုရင် အကောင်းဆုံးရလဒ် ဖြစ်ဖို့အတွက် အောက်ပါ အဆင့်တွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁)အေရိုးဗစ် လေ့ကျင့်ခန်း
ပထမဆုံး ရူးဖိနပ်စီးပြီး အပြင်ထွက်လိုက်ပါ။ သင်ဟာ ဗိုက်အဆီတွေကို ဖယ်ရှားဖို့ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းဟာ သင့်ခန္ဓာကိုယ်က သွေးလှည့်ပတ်မှု ကောင်းစေပြီး အောက်ဆီဂျင် ပိုမိုရရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် အတွင်း သင့်ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ပိုရလေ အဆီတွေကို ပိုမိုလောင်ကျွမ်းနိုင်လေ ဖြစ်ပါတယ်။
ဘယ်လို အေရိုးဗစ်လေ့ကျင့်ခန်းမဆို အဆီတွေ လောင်ကျွမ်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမဲ့ တချို့ အေရိုးဗစ် လေ့ကျင့်ခန်းတွေက ပိုကောင်းပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို အသုံးပြုရတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေဟာ အဆီတွေကို မြန်မြန်လောင်ကျွမ်း စေပါတယ်။
ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေက ကြီးမားပြီး ခန္ဓာကိုယ်ဟာ ဒီကြွက်သားတွေ အတွက် အောက်ဆီဂျင် ပိုမိုလိုအပ်တာကြောင့် ဖြစ်ပါတယ်။ အဆီလောင်ကျွမ်းမှုများတဲ့ လေ့ကျင့်ခန်းတွေက လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းနဲ့ ပြေးခြင်းစတာတွေပါ။ သင်ဟာ အကောင်းဆုံး အဆီလောင်ကျွမ်းတဲ့ အကျိုးကျေးဇူးရဖို့ အေရိုဗစ်လေ့ကျင့်ခန်းကို အနည်းဆုံး ၃၀-၄၅ မိနစ်ရဲ့ တစ်ပတ်မှာ ၃-၄ ကြိမ် အထိလုပ်ဖို့ ရည်မှန်းချက်ထားပါ။

အဆင့်(၂)ကျန်းမာရေးနဲ့ ညီညွတ်စွာစားပါ
ကျန်းမာရေးနဲ့ ညီညွတ်စွာ စာသုံးရင်သင့်ခန္ဓာကိုယ် အဆီတွေနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေပါလိမ့်မယ်။ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးရင် သင့်ခန္ဓာကိုယ်ထဲကို အဆီတွေ ဝင်ရောက်မှု လျော့နည်းစေပြီး ရရှိတဲ့ ကယ်လိုရီကိုလည်း နည်းစေပါလိမ့်မယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရော များခြင်းလိုမျိုး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေကို နည်းစေပြီး သင့်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။
သင့်ခန္ဓာကိုယ်ဟာ နေ့စဉ်အာဟာရ အမျိုး ၄၀ ကျော်ကိုလို အပ်ပါတယ်။ ဒါကြောင့် သင်စားတဲ့ အစာတွေဟာ အမျိုးမျိုး ဖြစ်သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်မျိုစုံ ပါဝင်ဖို့ လိုအပ်ပါတယ်။ ငါး၊ အဆီနည်း အသားနဲ့ အဆီနည်း နို့ထွက်ပစ္စည်းတွေကို စားသောက်ပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ သဘာဝအတိုင်းစားပါ။ ပြုပြင်ဖန်တီး ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်စတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။

အဆင့် (၃)မကြာခဏစားပါ
လေ့လာမှုတွေ အရ အစာကို နည်းနည်းနဲ့ မကြာခဏ စားခြင်းဟာ သင့်ရဲ့ ဇီဝ ဖြစ်ပျက်နှုန်းကို မြန်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းနည်းနဲ့ မကြာခဏ စားတဲ့ အတွက် သင်ဟာ စိတ်ကျေနပ်မှု ပိုရပြီး တစ်နေ့လုံး ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် အလွန်အကျွံ စားမိနိုင်ခြေ နည်းသွားပါတယ်။ သင့်ရဲ့ ကယ်လိုရီနဲ့ အာဟာရတွေကို တစ်နေ့လုံး ညီညီမျှမျှ ရရှိဖို့ ကြိုးစားပါ။
အဆီလောင်ကျွမ်းတဲ့ အကောင်းဆုံး အကျိုးကျေးဇူးကို ရဖို့ အတွက် အစာစားတိုင်း ပရိုတင်း (အသားဓာတ်) နည်းနည်းစီ ပါဝင်အောင် စားပါ။ ပရိုတင်းကို အစာချေဖျက်ဖို့ အတွက် စွမ်းအင်လိုအပ်တဲ့ အတွက်  အဆီတွေကို လောင်ကျွမ်းဖို့ ကူညီပါတယ်။ အစာချေဖျက်ဖို့ ကယ်လိုရီတွေကို ပိုသုံးရလေ၊ လောင်ကျွမ်းကုန်ဆုံးတဲ့ ကယ်လိုရီ ပိုများလေ၊ အဆီတွေ ပိုမိုလောင်ကျွမ်းလေ ဖြစ်ပြီး သင့်ဝမ်းဗိုက်က အဆီတွေ ပိုလျော့ကျလေ ဖြစ်ပါတယ်။

အဆင့်(၄)စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ သင့်ခန္ဓာကိုယ်က ကော်တီဇောလို့ ခေါ်တဲ့ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အဆီထုတ်လုပ်မှုကို တိုးစေပြီး အစာစားချင်စိတ် ကိုလည်း ပိုများ စေပါတယ်။ ဒီအခါ ပိုလျှံနေတဲ့ အဆီတွေကို ယေဘုယျ အားဖြင့်တော့ ဗိုက်နေရာမှာ သိုလှောင်ထားတဲ့ အတွက် ဗိုက်ထွက်လာပါတယ်။
စိတ်ဖိစီးမှုဟာ ဗိုက်မှာ အဆီစုခြင်း အတွက် အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် သင့်ဗိုက်က အဆီတွေကို လျော့စေချင်ရင် သင့်ရဲ့စိတ်ဖိစီးမှုကို လျော့စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်းက စိတ်ဖိစီးမှု လျော့ကျဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ခန္ဓာကိုယ် လေ့ကျင့်ခန်း အပြင် အသက်ရှူ လေ့ကျင့်ခန်းကလည်း ကူညီနိုင်ပါတယ်။ အသက်ကို ပြင်ပြင်းနဲ့ နက်နက်ရိုင်းရိုင်းရှူသွင်း ရှူထုတ်တာကို တစ်ကြိမ်မှာ ငါးမိနစ်ခန့်နဲ့ တစ်နေ့ သုံးကြိမ်ခန့်လုပ်ပါ။ ဒီနည်းဟာ ဝမ်းဗိုက်အဆီတွေ လျော့ကျဖို့ နည်းလမ်းနှစ်မျိုးနဲ့ လုပ်ပါတယ်။

အဆင့်(၅) ကြံ့ခိုင်မှု လေ့ကျင့်ခန်း
ဝမ်းဗိုက်အဆီတွေ လျော့ကျဖို့ ကူညီနိုင်တဲ့ နောက်တစ်နည်းကတော့ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းပါ။ သင့်မှာ ကျစ်လျစ်တဲ့ ကြွက်သားထု ပိုများများရှိလေ နေ့နဲ့ညမှာ အဆီတွေကို လောင်ကျွမ်းတဲ့နှုန်း (BMR) ပိုမြန်လေပါ။ BMR ဟာ သင်လောင်ကျွမ်းတဲ့ စုစုပေါင်း ကယ်လိုရီရဲ့  ၆၀-၇၀ ရာခိုင်နှုန်းအထိ သက်ဆိုင်ပါတယ်။
ကြံ့ခိုင်မှုလေ့ကျင့်ခန်းဆိုတာက သင့်ကြွက်သားတွေကို ခုခံအားတစ်ခုနဲ့ စိန်ခေါ်နေတဲ့ လေ့ကျင့်ခန်းပါ။ အလေးမခြင်း၊ သားရေကြိုးသုံးတဲ့ လေ့ကျင့်ခန်း၊ အလေး (Dumbbell) သုံးရတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် ခန္ဓာကိုယ် အလေးချိန်သုံးတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
သင်ဟာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းကို တစ်ပတ်မှာ ၂-၃ ကြိမ်အထိ ကစားသင့်ပါတယ်။ သင့်ဝမ်းဗိုက် ကြွက်သားတွေ အပါအဝင် သင့်ခန္ဓာကိုယ်က ကြွက်သားတွေ အားလုံးကို  အသုံးပြုရပါတယ်။ ဒီအခါ ဝမ်းဗိုက်က အဆီတွေ အပါအဝင် ခန္ဓာကိုယ်က အဆီပိုတွေ လျော့ကျသွားပါလိမ့်မယ်။

အဆင့် (၆) အိပ်ရေးဝအောင် အိပ်ပါ
နောက်ဆုံးအဆင့်ကတော့ သင့်ဝမ်းဗိုက်က အဆီတွေကို လျော့စေချင်ရင် ညမှာ အိပ်ရေးဝအောင် အိပ်ဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ ပြီးခဲ့တဲ့ရက်က ကုန်ခန်းသွားတဲ့ အားတွေကို ပြန်ဖြည့်ဖို့ အတွက် ညမှာ လုံလောက်အောင် အိပ်စက်မှုကို လိုအပ်ပါတယ်။ ညမှာကောင်းကောင်း အိပ်ခဲ့ရရင် သင်ဟာ လန်းလန်းဆန်းဆန်း နိုးထလာပြီး နေ့သစ်တစ်နေ့ အတွက် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။
အိပ်စက်ခြင်းဟာ မှန်ကန်တဲ့ အင်ဆူလင် အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးပါတယ်။ အိပ်ရေးပျက်ခြင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ အင်ဆူလင် ထုတ်လုပ်မှုကို အကျိုးသက်ရောက် စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်တွေ ပိုလျှံရှိနေတဲ့ အခါ အစာတွေကို အဆီအဖြစ်နဲ့ သိုလှောင်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက် နေရာမှာ အဆီတွေကို သိုလှောင်တဲ့ အတွက် ဗိုက်ထွက်လာပါတယ်။ ဒါကြောင့် ညစဉ်အိပ်ရေးဝအောင် အိပ်ပါ။
ဒီနည်းလမ်းတွေ အားလုံးကို ရေရှည်လိုက်နာလုပ်ဆောင်ရင် သင်ဟာ ဗိုက်ချပ်ရုံသာမက ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ပိုင်ဆိုင်ပါလိမ့်မယ်။

No comments:

Post a Comment

Print Friendly and PDF