ညကဆေးရုံမှာ တာဝန်ကျတဲ့ တပ်သားသိန်းဇော် သရဲခြောက်ခံရ ပြန်ပြီတဲ့ ဆရာ”
နံနက် နှစ်နာရီကျော်ခန့်တွင် အကျဉ်းထောင်ဘူးဝရှိ ကျွန်ုပ်၏ နေအိမ်ဆီသို့ ထောင်မှူးကြီးစိုးလှိုင်က တယ်လီဖုန်းဆက်
၍ အကြောင်းကြားခြင်းဖြစ်၏။
“ဒါဆို ဒီကောင်မူးနေပြန်ပြီပေါ့” ကျွန်ုပ်က ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် စစ်းဆေးကြည့်တာ အရက်နံ့တော့ ရနေသေးတယ်။ သရဲအခြောက်ခံ လိုက်ရ လို့လား
မသိဘူး။ အမူးတော့ ပြေသွားပြီ ဆရာ”
“ဒါနဲ့ ညသမားတွေကို ထောင်ဘူးဝမှာ ရှာဖွေဖို့တာဝန်ကျတာဘယ်သူလဲ။ သိန်းဇော် အရက်မူးပြီး
ဝင်လာတာ ကို မသိဘူးလား”
“ဒုတပ်ကြပ် စိန်သိန်းပါ ဆရာ။ ကျွန်တော် သူ့အိမ် လိုက်စစ်ဆေးပြီးပြီ။ သူရှာဖွေရေးလုပ်တဲ့ အချိန်မှာ တပ်သား
သိန်းဇော်က အကောင်းပကတိပဲတဲ့ ဆရာ”
“သြော် - သူပြောသလိုသာဆို သိန်းဇော်က ထောင်ထဲရောက်မှ အရက်သောက်သလို ဖြစ်နေပြီပေါ့”
“အဲလိုတော့ မဖြစ်နိုင်ဘူး ဆရာ”
“ခု သိန်းဇော် ကိစ္စက အဲဒီလိုဖြစ်နေပြီ မဟုတ်လား ထောင်မှူးကြီး”
“ဟုတ်တော့ ဟုတ်ပါတယ် ဆရာ”
“ကောင်းပြီ၊ ဒါဆိုရင် သိန်းဇော် အရက်ဘယ်ကရတယ်ဆိုတာ ခင်ဗျားကိုယ်တိုင် စစ်ချက်ယူပြီး လာတင်ပြ။ လောလော
ဆယ်ဆယ် သိန်းဇော်ကို တိုက်ထဲထည့်ထားလိုက်ပြီး ဆေးရုံဝန်ထမ်း အစားချထားလိုက်”
“ဟုတ်ကဲ့ ဆရာ”
“အဲဒီကိစ္စအားလုံး မနက်ကျမှ ရုံးတင်ပြဟုတ်လား”
“ဟုတ်ကဲ့ ဆရာ”
နောက်တစ်နေ့နံနက် ထောင်ဘူးဝရုံးခန်းတွင် ထောင်မှူးကြီးစိုးလှိုင် လာတင်ပြသော စစ်ချက်ကို ဖတ်ကြည့် လိုက်သော
အခါ သိန်းဇော်မှာ အရက်ဖြူတစ်ပိုင်းကို ညဂျူတီဝင်ခါနီးမှ ကပ်၍သောက်ကာ ဆေးမွှေးကွမ်းယာ ၀ါး၍ ၀င်လာသဖြင့်
ရှာဖွေရေးတာဝန်ကျ ၀န်ထမ်းက သတိမပြုမိခဲ့ကြောင်း၊ သိန်းဇော် မှာ ဆေးရုံတွင် ညနေ(၆) နာရီမှ (၉) နာရီ ဂျူတီ
စောင့်နေချိန်မှာမှ အရက်ချာဂျင် တဖြည်းဖြည်း တက်လာပြီး ဂျူတီပြီးချိန် ည(၉) နာရီတွင် အိပ်ပျော်သွားကြောင်း၊ ည
(၁၂) နာရီမှ (၃) နာရီ အထိ ဒုတိယ ဂျူတီ ထမ်းဆောင်ရန် ၀န်ထမ်းက လာနှိုးရာတွင် အရက်မူးနေဖြင့် အတော်
နှိုးယူရကြောင်း၊ တပ်သား သိန်းဇော်မှာ အိပ်ချင်မူးတူး လည်းဖြစ်၊ အရက်ရှိန်ကလည်း ရှိနေစဉ် ဆေးရုံရင်ခွဲတိုက်မှ
မည်းမည်း သဏ္ဍာန် အရိပ်တစ်ခု ထွက်လာကာ သူ့ထံသို့ လျှောက်လာကြောင်း၊ သူက လှမ်းကြည့်နေစဉ်မှာပင်
ထိုအရိပ်မည်းကြီး ထန်းပင်လောက်မြင့်သွားပြီး လက်မည်းကြီးနှင့် သူ့ကို လှမ်းဆွဲလိုက်၍ ကြောက်လန့်ပြီး အော်
ဟစ်မိပါကြောင်း ထွက်ဆိုထားသည်ကို တွေ့ရ၏။
ကျွန်ုပ်က -
“ရှာဖွေရေး တာဝန်ကျတဲ့ ဒုတပ်ကြပ်သန်းစိန်ကိုပြော နောက်တစ်ခါဆိုရင်အရေးယူခံရမယ်လို့”
“ဟုတ်ကဲ့ ဆရာ”
ကျွန်ုပ်က ထောင်မှူးကြီး တင်ပြသော ရုံတင်စာအုပ်တွင် တပ်သားသိန်းဇော်အား တိုက်သုံးရက် ပိတ်ထားရန်အမိန့်ချ
လိုက်၏။ အပြစ်မပေး၍လည်း မဖြစ်တော့ပါ။ ပြီးခဲ့သော လေးရက်ကလည်း အလားတူ ကိစ္စမျိုး တစ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။
ထိုစဉ်က အခြောက်ခံရသော သရဲမှာ ရင်ခွဲရုံမှ ထွက်လာခြင်းမဟုတ်။ ဆေးရုံဝင်း အုတ်ရိုးထောင့်ရှိ ညောင်ပင်ကြီးပေါ်
မှ လူပုံသဏ္ဍာန်ဖြူဖြူ အရိပ်ကြီး ဆင်းလာ၍ သူ့ကို ကုပ်ချိုးသတ်ရန် လိုက်ဖမ်း၍ အော်ဟစ်မိသည်တဲ့။
ယင်းနေ့ည တာဝန်မှူး၏ စစ်ဆေးတင်ပြချက်အရ တပ်သားသိန်းဇော်မှာ ညဂျူတီမ၀င်ခင် ကပ်၍ အရက် တစ်ပိုင်း
သောက်ကာ ည(၁၂) နာရီနှင့် (၃)နာရီကြား တာဝန်ကျအချိန် အရက်ရှိန်မပြေးသေးခင်
သရဲ အခြောက်ခံရခြင်းဖြစ်သည်။
“တပ်သားသိန်းဇော် သရဲအခြောက်ခံရပြန်ပြီတဲ့ ဆရာ”
တပ်သားသိန်းဇော်အား ပြစ်ဒဏ်သုံးရက်ပြည့်၍ တိုက်ထဲမှ ထွက်စေကာ ထောင်ကျဆောင် ညတာဝန် ဆက်ချထားခဲ့
ပြီး သုံးရက်မြောက်သောညတွင် ထောင်မှူးကြီးစိုးလှိုင်က နံနက်(၁)နာရီကျော်ခန့်တွင် တယ်လီဖုန်းဖြင့် သတင်းပို့
လာခြင်း ဖြစ်၏။
“ဒီကောင် မူးနေပြန်ပြီလား ထောင်မှူး ကြီး”
“ဟုတ်ကဲ့ ဆရာ”
“ဒါနဲ့ ညဂျူတီမကျခင် ကပ်ပြီးသောက်လာတာပဲလားဗျ”
“အဲဒီလိုပဲတဲ့ ဆရာ”
“ရှာဖွေရေးက မသိဘူးတဲ့လား”
“ဒုတပ်ကြပ်စိန်သန်းကတော့ ကွမ်းယာနံ့ကလွဲပြီး အရက်နံ့မရဘူးလို့ ပြောတယ်ဆရာ”
“ကောင်းပြီ၊ ထုံးစံအတိုင်း စစ်ချက်ယူ၊ မနက်ကျရင် တပ်သားသိန်းဇော်ရော၊ ဒုတပ်ကြပ်စိန်သန်းပါ ရုံးတင်ပြ”
“ဟုတ်ကဲ့ ဆရာ”
တပ်သားသိန်းဇော်ကို ယခုတစ်ခေါက် မည်သို့အပြစ်ပေးရမည်ကို တွေးနေစဉ် ကျွန်ုပ်၏ဦးနှောက်ထဲသို့ မထင်မှတ်
သောအချက်တစ်ရပ် ၀င်လာ၏။ ယင်းမှာ တပ်သားသိန်းဇော် ညဘက်သရဲအခြောက်ခံရသော (၃)ကြိမ် စလုံး
အရက်မူးနေခြင်းပင် ဖြစ်၏။
နောက်တစ်နေ့နံနက် ထောင်မှူးကြီးယူထားသော စစ်ချက်ကို ဖတ်ကြည့်သောအခါ ဖြစ်ရပ်မှာ ယခင် (၂)ကြိမ်က
အတိုင်းသာဖြစ်ပြီး သရဲခြောက်ပုံ ခြောက်နည်းသာကွာလေသည်။ ဒီတစ်ခေါက်ခြောက်ပုံမှာ ထောင်ကျဆောင်
အနောက်ဘက်မှ ပုတ်လောက်ကြီးသော လူနီကြီးတစ်ကောင်ထွက်လာကာ သူ့ကို အတင်းလိုက်ဆွဲ၍ အော်ဟစ်
မိခြင်း ဖြစ်၏။
“စိန်သန်းကိုတော့ နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်၊ နောက်တစ်ခါဆိုရင် ဒီအီးအစစ်ခံရ မယ်နော်”
“ဟုတ်ကဲ့ပါ ဆရာ”
“အေး . ... မင်းသွားနိုင်ပြီ”
ဒုတပ်ကြပ်စိန်သန်း ရုံးခန်းတွင်းမှ ထွက်သွားသောအခါ ကျွန်ုပ်က သိန်းဇော်အား သေချာကြည့်ကာ
“မင်းတစ်နေ့ကို အရက်ဘယ်လောက်သောက်လဲ”
“ညနေတိုင်း အရက်ဖြူတစ်ပိုင်းသောက်ပါတယ် ဆရာ”
“နေ့တိုင်းလားကွ”
“ဟုတ်ကဲ့ပါ”
“အရက်စွဲနေတာ ဘယ်လောက်ကြာပြီလဲ”
“လေးနှစ်နီးပါးလောက် ရှိပါပြီ”
“လေးနှစ်အတွင်း သရဲဘယ်နှခါ အခြောက်ခံခဲ့ရဖူးလဲ”
“အခု ညဂျူတီကျမှ သုံးကြိမ်ပဲ ရှိသေးတယ် ဆရာ”
“ဒါဖြင့် ဒိအရင်က တစ်ခါမှ အခြောက်မခံခဲ့ရဘူးလားကွ”
“မခံခဲ့ရဘူး ဆရာ”
“အရက်မှန်မှန်သောက်လာတာ လေးနှစ်လောက်ရှိပြီ ဆိုပါတော့”
“ဟုတ်ကဲ့ ဆရာ”
“ငါဒီထောင်ရောက်တာ သုံးနှစ်ပြည့်တော့မယ်။ သရဲအခြောက်ခံရတယ်ဆိုတာ အခုမှပဲ ကြားဖူးတော့ တယ်၊
ကြည့်ရတာ မင်းညဘက်တရေးနိုးမှာ အရက်ကြောင်ပြီး မဟုတ်တာတွေ လျှောက်မြင်နေတာ ဖြစ်မယ် သိန်းဇော်”
“မဟုတ်ပါဘူး ဆရာ၊ ကျွန်တော့် မျက်စိနဲ့ သေချာမြင်ရတာပါ”
“ထောင်ထဲမှာ သရဲ တစ္ဆေတကယ်ရှိရင် မင်းမြင်သလို သူများတွေလည်း မြင်ဖူးရမှာပေါ့။ ခု မင်း တစ်ယောက်တည်း
ဘာလို့ မြင်နေရလဲကွ”
“အဲဒါတော့ ကျွန်တော်လည်း မပြောတတ်ပေမယ့် ကျွန်တော့်မျက်စိနဲ့ကို ထင်ထင်ရှားရှား မြင်ရတာပါ။ အရက်ကြောင်
တာ မဟုတ်ပါဘူး ဆရာ”
“အေး - ထားပါတော့။ ဒါပေမယ့် မင်းအရက်မသောက်လာတဲ့ ညတွေမှာတော့ လုံးဝသရဲအခြောက်
မခံ ရဘူး မဟုတ်လား”
“ဟုတ်ကဲ့ဆရာ”
ကျွန်ုပ်က နေရာမှ ထရပ်လိုက်ကာ -
“ကဲ - ထောင်မှူးကြီး၊ သူ့ကို ဆေးရုံခေါ်လာခဲ့ဗျာ”
“ဟုတ်ကဲ့ ဆရာ”
ကျွန်ုပ်က ထောင်ဆေးရုံသို့ ထွက်လာခဲ့သည်။ ထောင်မှူးကြီးစိုးလှိုင်နှင့် တပ်သားသိန်းဇော်တို့ နောက်ကပါလာကြ
သည်။ ကျွန်ုပ်က ဒေါက်တာကျော်အေးအား တပ်သားသိန်းဇော်၏ ဖြစ်ရပ်ဆန်းအား အသေးစိတ် ရှင်းပြလိုက်သည်။
ဒေါက်တာကျော်အေးက တပ်သားသိန်းဇော်အား အတန်ကြာအောင် စစ်ဆေးပြီးမှ -
“ကျွန်တော် စိတ်ရောဂါအထူးကု ဆေးရုံမှာ တာဝန်ကျစဉ်တုန်းက အရက်ဖြတ်ဖို့ ဆေးရုံတက်လာတဲ့ လူနာတချို့
ဟာ အလကားနေရင်း ကြောက်တယ်၊ ကြောက်တယ်နဲ့ အော်ငိုနေတာတွေ တွေ့ဖူးတယ်။ သူတို့ကို တစ်ယောက်ချင်း
ခေါ် ပြီး သေချာမေးကြည့်တော့မှ သူတို့မျက်စိတွေထဲမှာ တစ်ယောက် ယောက်က ဓားနဲ့ခုတ်တော့မလိုလို၊ သေနတ်
နဲ့ ပစ်တော့ မလိုလို မြင်နေရတယ်တဲ့ဗျ။ အမှန်က အရက် သောက်သက်ရင့်လာတဲ့အခါ အယ်လ်ကိုဟောက
ဦးနှောက်ထဲက ဆဲလ်အချို့ကို တိုတ်စားပစ်ရာက အာရုံကြောထိခိုက်ပြီး တကယ်မရှိတဲ့အရာတွေကို ကြောက်စိတ်
ကြောင့် တကယ်ရှိနေသလိုလို ထင်မြင် လာ တတ်တာမျိုးပါထောင်ပိုင်ကြီး”
“ဒါနဲ့ ဒီဝန်ထမ်းအခြေအနေကကော ဆရာ”
“သူလည်း အရက်သောက်လာတာ လေးနှစ်လောက်ရှိနေပြီဆိုတော့၊ အဲဒီရောဂါမျိုး အစပျိုးလာတဲ့ သဘောပါ။
အကောင်းဆုံးက အရက်လုံးဝ ဖြတ်ပစ်လိုက်ဖို့ပါပဲ”
“ကဲ - ဆရာ ပြောတာကြားလား သိန်းဇော်။ မင်းမှာ ရောဂါအစပျိုးနေပြီတဲ့။
မင်း ဒီနေ့ကစပြီး အရက် ဖြတ်တော့ သိန်းဇော်”
“ဟုတ်ကဲ့ ဆရာ”
ဟုတ်ကဲ့ ဆရာဟု လွယ်လွယ် ကတိပေးခဲ့သော်လည်း တကယ်လက်တွေ့တွင် တပ်သားသိန်းဇော် အရက် မပြတ်နိုင်
ခဲ့ပါ။ သူ့ကို ပြစ်ဒဏ်အနေဖြင့် မျှော်စင်ကင်း တာဝန်ချထားပေးလိုက်ပြီး နှစ်ရက်ခန့် အကြာ ညတစ်ညတွင်
မျှော်စင်ကင်းတာဝန်ခံ တပ်ကြပ် ခင်မောင်မြင့် သတင်းလာပို့ပြန်သည်။
“တပ်သား သိန်းဇော် သရဲအခြောက်ခံရလို့တဲ့ ဆရာ”
“အေး - ဒီတစ်ခါ ငါကိုယ်တိုင် လိုက်ကြည့်မယ်ကွာ”
ကျွန်ုပ်က ထိုည(၁၂း၃၀) နာရီတွင် ထောင်မှူးကြီးနှင့် တာဝန်မှူးကို ခေါ်ကာ တပ်သားသိန်းဇော် တာဝန်ကျရာ မျှော်စင်
ပေါ်သို့ တက်လာခဲ့သည်။ တပ်သားသိန်းဇော်ထံမှ အရက်နံ ထောင်းခနဲ ထွက်လာသည်။ သူ၏မျက်လုံးများမှာ
အလွန်ထိတ်လန့်ဖွယ်ရာ တစ်ခုခုကို မြင်လိုက်ရသလို အဆ မတန် ပြူးကျယ်လျက် တွေ့ရ၏။
“ဘယ်လိုဖြစ်တာလဲ သိန်းဇော်”
ကျွန်ုပ်က တပ်သားသိန်းဇော်၏ ပခုံးကို လှမ်းပတ်ကာ မေးလိုက်သည်။
သူက တုန်တုန်ယင်ယင်ဖြင့် မျှော်စင်ကင်းအောက်ဘက်သို့ လက်ညှိုးထိုးပြကာ အထစ်ထစ်အငေါ့ငေါ့ ဖြင့် -
“အဲ - ဟို ... တောင် ... တောင်ယာထဲက လူမည်း . . . မည်းရှည်ရှည်ကြီး တစ် . . .တစ်ယောက် မျှော်စင်ပေါ်
တက် . . တက်လာပြီး ကျွန်တော် ကုပ် . . . ကုပ်ကို လှမ်းဆွဲတယ် ဆရာ။ ကျွန် . . . ကျွန်တော်က ကြောက်အား
လန့်အားနဲ့ အနောက် ဆုတ်ရှောင်လိုက်လို့ လွတ် . . . လွတ်သွားတာကို သ . . . သရဲက ဒေါကန်ပြီး ဟောဟိုက
သောက်ရေအိုးကို သူ့လက် . . . လက်မည်းကြီးနဲ့ တ၀ုန်းဝုန်း ရိုက်ခွဲပြီး အောက်ကို ခုန်ချ ထွက်ပြေးသွားတယ် ဆရာ”
ကျွန်ုပ်က တပ်သားသိန်းဇော် ညွှန်ပြရာ မျှော်စင်ကင်းထောင့်ရှိ သောက်ရေအိုးကို လှည့်ကြည့်လိုက်မိ ရာ -
“အလို“
ကျွန်ုပ် အလွန်အံ့အားသင့်သွားမိသည်။ သောက်ရေအိုးမှာ အတော်ကြီးမားသော မြေအိုးဖြစ်သည့် အပြင် ရေလည်း
အပြည့်နီးပါး ရှိနေပုံပင်။ ယခု ထိုသောက်ရေအိုးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက် နေပြီး ကြမ်းပြင်ပေါ်တွင် အစအန
များ ပြန့်ကျဲနေကာ ရေများဖြင့် စိုရွဲလျက် တွေ့လိုက်ရ၏။
တော်ရုံ ဗလကောင်းကောင်း ယောက်ျားတစ်ယောက်ပင် လက်ချည်းသက်သက်ဖြင့် ဤမျှ အစိတ်စိတ် အမြွှာမြွှာဖြစ်
အောင် လုံးဝခွဲပစ်နိုင်မည် မဟုတ်။
ဤသို့ဆိုလျှင် . . .
ထိုဆန်းကြယ်သော ဖြစ်ရပ်မှန်အား ကျွန်ုပ် မဝေခွဲနိုင်ခဲ့ပါသော်လည်း တပ်သားသိန်းဇော်အတွတ်တော့ အလွန်အကျိုး
ရှိသော အမြတ်တစ်ခု ရရှိလိုက်လေသည်။
ယင်းမှာ အခြားမဟုတ်။
တပ်သားသိန်းဇော် တစ်ယောက်ထိုနေ့မှစ၏၍ အရက်လုံးဝပြတ်သွားခြင်းပင် ဖြစ်ပါလေသတည်း။

No comments:
Post a Comment