Wednesday 14 March 2012

အဖိုးပြောသော ပုံပြင်လေးတစ်ပုဒ်

ပုံပြောပြီဆိုရင်လည်း အဖိုးက မေးခွန်းလေးနဲ့စတတ်တယ်………
“သမီးတဲ့…အခုငါ့သမီးနဲ့အဖိုးထိုင်နေတဲ့ နေရာကနေပြီးတော့ ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်စမ်း……..
ကောင်းကင်မှာ ကြယ်ကလေးတွေတွေ့လား” လို့မေးတယ်……..
“တွေ့ပါတယ် အဖိုးရယ်” ဆိုတော့….”ဒီကြယ်လေးတွေ ဘယ်လိုဖြစ်လာတယ် ဆိုတာကိုရော
ငါ့သမီး သိလား” လို့မေးတော့ မေက” မသိပါဘူးအဖိုးရယ်”လို့ ဖြေရတယ်…….
အဲဒီအခါကျမှ အဖိုးက သူ့ပုံပြင်ကိုစပြောတော့တာပေါ့………။

“သမီးရယ်..ဟောဒီအဖိုးတို့နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးကနေရာ တစ်ခုမှာ
သိပ်ကိုထူးဆန်းတဲ့ မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ရှိတယ်တဲ့…………
အဲဒီမြက်ခင်းပြင်ကျယ်ကြီးက အဝေးကနေလှမ်းကြည့်လိုက်မယ်ဆိုရင် စိမ်းမြနေတဲ့အရောင်ဟာ
ကြည့်လို့ကိုမ၀နိုင်ဘူးတဲ့……….အနီးကပ်ပြီးသွားကြည့်မယ်ဆိုလို့ချင်ရင်လည်း
စိမ်းမြနေတဲ့မြက်ခင်းပြင်ကျယ်ကြီးရဲ့ အလယ်မှာ ပေါက်နေပွင့်နေတဲ့
ပန်းပင်ကလေးတွေဟာလည်း သိပ်ကိုလှတာပဲ……ပြီးတော့သစ်သီးအပင်မျိုးစုံလည်း အဲဒီမှာရှိသေးတယ်
အဲဒီမြက်ခင်းပြင်ကျယ်ကြီးထဲမှာ သွားလာလုပ်ကိုင်စားသောက်နေတဲ့

လူတွေ တိရိစ္ဆာန်တွေကို ကြည့်ရတာလည်း အေးအေးလူလူနဲ့တဲ့………..
မြက်ခင်းပြင်ကျယ်ကြီးရဲ့ ဒီဘက်အခြမ်းမှာတော့ အင်မတန်ကြောက်စရာ
ကောင်းတဲ့ရွှံ့နွံအိုင်ကြီးတစ်ခုရှိသတဲ့……….
ဘာဖြစ်လို့ကြောက်စရာကောင်းတဲ့ ရွှံ့နွံအိုင်ကြီးလို့ပြောရသလဲဆိုတော့
ဒီရွှံ့နွံအိုင်ကြီးထဲကို ရုတ်တရက်များခြေချော်လက်ချော်ကြခဲ့မယ်ဆိုရင် ဒီရွှံ့နွံအိုင်ကြီးက
အောက်ခြေမှာ အသေသတ်ပစ်လိုက်တာပါပဲ ရွှံ့နွံထဲကနေရုန်းပြီးတော့ ပြန်တက်မလာနိုင်တော့ပါဘူး..
တိရိစ္ဆာန်ကျရင်လည်းအဲလိုပဲ သတ်ပစ်လိုက်တယ်……နောက်ဆုံးသစ်ရွက်ကလေးတစ်ရွက်ကျရင်တောင်
ဒီရွှံ့နွံအိုင်ကြီးကချမ်းသာမပေးတတ်ဘူးတဲ့…………
အဲဒီလောက်ကြောက်စရာကောင်းတဲ့ ရွံ့နွံအိုင်ကြီး ရဲ့ ဟိုဘက်တစ်ဖက်မှာကျတော့
လူမျိုးစုတစ်စု တဲအိမ်လေးတွေထိုးပြီးနေကြသတဲ့......
ဒီလူမျိုးငယ်စုလေး က သူတို့တတ်သမျှ စပါးလေးစိုက်လိုက်
အမဲလေးလိုက်လိုက်နဲ့ လုပ်ကိုင်စားသောက်နေကြတယ်တဲ့
အဲလို နေထိုင်စားသောက်နေတဲ့ တဲစုလေးဆီကို တစ်နေ့ကျတော့
သူတို့ထက်ပိုပြီး လူအင်အားများတဲ့ သူတို့ထက် ပိုပြီး လက်နက်တွေလည်းရှိတဲ့
တခြားရွာကလာပြီးတော့ သူတို့ရဲ့စပါးတွေ သူတို့ရဲ့အမဲတွေကို လုယူကြတယ်…………..

အဲလိုလုယူတာကိုပေးရင်းပေးရင်းနဲ့ ဘာမှစားစရာမရှိဖြစ်လာတဲ့အခါကျတော့
“ဒီလိုတော့ မဖြစ်တော့ဘူး…ငါတို့လူမျိုးစုတွေလုံးပါးပါးလိမ့်မယ်” ဆိုပြီးအစည်းအဝေးခေါ်လိုက်တယ်..
လူကြီးတွေက “ငါတို့မှာရှိတဲ့ဆန်စပါး အမဲတွေလည်း ကုန်တော့မယ်
ဘယ်လိုလုပ်ကြမယ်ဆိုတာကိုစဉ်းစားကြပါအုံး” လို့ပြောတယ်။
အဲဒီအခါမှာ ပရိတ်သတ်ထဲက လူကြီးတစ်ယောက်ကနေပြီးတော့
” ဟေ့ကောင်..ဒန်ကို…ထွက်ခဲ့ပါအုံး” လို့ခေါ်လိုက်တယ်……..သူခေါ်တဲ့အချိန်မှာ လူရှေ့ကိုထွက်လာတဲ့
တစ်ယောက်ကတော့ အသက်နှစ်ဆယ်ကျော်အရွယ်ရှိတဲ့ အားကောင်းမောင်းသန် လူငယ်တစ်ယောက်ပါပဲ…
ဒီလူငယ်လေးကထွက်လာပြီးတော့
“ဟုတ်ကဲ့……ကျွန်တော်လည်း ဒီပြဿနာနဲ့ပတ်သတ်ပြီးတော့ စဉ်းစားနေတာကြာပြီ……
ကျွန်တော်တို့မှာ သူတို့တွေကလာပြီးတော့ အမဲတွေဆန်ရေစပါးတွေကို လုလို့ချင်ရင်
ပြန်ပြီးတော့ ခုခံဖို့ လူအင်အားလည်းမရှိဘူး…လက်နက်အင်အားလည်း မရှိဘူး……
အဲဒီတော့တစ်ခုတည်းသော ကျွန်တော်တို့ တဲ့အိမ်စုလေးက လူတွေလွတ်မြောက်ဖို့
ကျွန်တော်စဉ်းစားမိတာလေး တစ်ခုတော့ရှိပါတယ်” လို့ပြောတယ်…..
”အဲဒီနည်းလမ်းကတော့ ဟော ဟိုကမြက်ခင်းပြင်ကျယ်ကြီး ရှိတဲ့နေရာကို
ကျွန်တော်တို့ အရောက်သွားဖို့ပါပဲ”လို့ပြောလိုက်ပါတယ်………
အဲဒီအခါမှာ အကုန်လုံးက ဒန်ကို ကိုဝိုင်းပြီးပြောတာပေါ့…
”မင်းပြောမှလား ဒန်ကိုရာ…အဲဒီမြက်ခင်းပြင်ကျယ်ကြီဆီကို ငါတို့ရောက်အောင်
သွားနိုင်မှတော့ မင်းကို တိုင်ပင်နေပါ့မလား”
ဒီမြက်ခင်းပြင်ကျယ်ကြီးကို ရောက်ဖို့ အတွက်ငါတို့ ရွှံ့နွံအိုင်ကြီးကို ဘယ်လိုဖြတ်ရမှာလဲ….
ကြောက်စရာကောင်းတဲ့ ဒီရွှံ့နွံအိုင်ကြီး အကြောင်းကို မင်းလည်းသိသားနဲ့ကွာ” လို့ပြောကြတယ်………
အဲဒီတော့ဒန်ကိုက“အဲဒါကိုလည်း ကျွန်တော စဉ်းစားထားတာလေးတော့ ရှိပါတယ်” လို့ပြောတယ်…..
“ဟ….လုပ်စမ်းပါအုံး အဲဒါဆို တို့ကရွံ့နွံအိုင်ကြီးကို ဘယ်လိုကျော်မှာလဲ…” လို့ပြန်မေးကြတယ်….
ဒန်ကိုက “ဟောဒီကျွန်တော်တို့ ပရိသတ်ထဲက အားကောင်းမောင်းသန်
လူငယ်၅ယောက်လောက်ထွက်ခဲ့ပါ…” လို့ခေါ်လိုက်တယ်…..
လူငယ် ၅ယောက်လည်း မဆိုင်းမတွပဲ ထွက်လာပါတယ်….
လူငယ် ၅ယောက်ကို ဒန်ကိုက ” မင်းတို့ ၅ယောက် လက်ချင်းမြဲမြဲတွဲပြီးတော့
ဟောဒီရွှံ့နွံအိုင်ကြီးထဲကို မင်းတို့ခုန်ဆင်းလိုက်ပါ…”
မင်းတို့ ပုခုံးတွေပေါ်ကနေပြီးတော့ တို့အဖိုး တို့အဖွား တို့အဖေအမေတို့တဲ့အိမ်စုလေးက လူတွေက
ပုခုံးကို တံတားသဖွယ် အသုံးပြုပြီးတော့
ဟော ဟိုကမြက်ခင်းပြင်ကျယ်ကြီးရှိရာကို တို့သွားကြမယ်…” လို့ပြောလိုက်တယ်……..
အဲဒီအခါမှာ လူငယ် ၅ယောက်ကမဆိုင်းမတွ ရွှံ့နွံအိုင်ကြီးထဲကို ခုန်ဆင်းလိုက်ပါတော့တယ်………
ဒါပေမယ့်လို့ ကြောက်စရာကောင်းလှတဲ့ ရွှံ့နွံအိုင်ကြီးရဲ့ ထုံးစံအတိုင်းပဲ
ဒီလူငယ် ၅ယောက်ကို ဟိုးအောက်ခြေထိ ရွှံ့နွံတွေကဆွဲစုပ်ယူပြီးအသေသတ်ပစ်လိုက်တာ
လူငယ်လေးတွေဟာ အပေါ်ကိုပြန်တက်မလာနိုင်တော့ပါဘူး………..
အဲဒီအချိန်မှာ ဒန်ကိုက” ကျွန်တော်တို့ထဲကနေ နောက်ထပ်လူငယ် ၅ယောက်ထွက်လာပါအုံး…”
လို့ ခေါ်လိုက်တဲ့ အချိန်မှာ သူမခေါ်ခင်ကတည်းက လူငယ် ၅ယောက်ဟာ အသင့်ဖြစ်လို့နေပါပြီ..
ဒီလူငယ် ၅ယောက်ကလည်း သူတို့လက်တွေကို မြဲမြဲတွဲပြီးတော့ ရွှံ့နွံအိုင်ကြီးထဲကို ခုန်ဆင်းလိုက်ပါတယ်
အဲဒီလူငယ် ၅ယောက်ကိုလည်း ရှေးကလူငယ် ၅ယောက်လိုပဲ ရွံ့နွံအိုင်ကြီးကအသေသတ်ပစ်လိုက်တယ်..
အဲဒီအခါမှာ နောက်ထပ် ၅ယောက် ၅ယောက်သော လူငယ်တွေဟာ သတ္တိရှိရှိနဲ့ ထွက်လာပြီး
ဒီရွှံ့နွံအိုင်ကြီးထဲကို ခုန်ဆင်းကြပေမယ့် ဘယ်သူမှ သူတို့ပုခုံးတွေပေါ်ကနေပြီး
မြက်ခင်းပြင်ကျယ်ကြီး ရှိရာကို မလျှောက်လိုက်နိုင်ကြပါဘူး……..
ဒီအခါမှာတော့ အားလုံးက ၀ိုင်းပြီးတော့ ဒန်ကို့ကို
လက်ညှိုးငေါက်ငေါက်ထိုးကြတာပေါ့………
”မင်းကိုယုံလို့ ငါတို့က အကြံတောင်းတာ…အခုတော့ မင်းအကြံဥာဏ်ကြောင့်
ငါတို့သားတွေ ငါတို့မြေးတွေ ငါတို့တူတွေ…သူတို့အသက်တွေ
ဟောဒီ ရွှံနွံအိုင်ကြီးထဲမှာ စတေးကြရပြီ…….အဲဒီအသက်တွေကို
မင်းကဘာနဲ့များ ပြန်ပြီးတော့လျော်မှာလဲ …” လို့ဝိုင်းပြီးပြောကြတာပေါ့………….
အဲဒီအခါမှာ ဒန်ကိုက ” အဲဒီလိုဆိုရင်အားလုံးပဲ ကျွန်တော့်ကို ကြည့်ကြပါဗျာ..” လို့ပြောပြီးတော့
သူ့ခါးမှာ အမြဲတမ်းဆောင်ထားနေကျအမဲလိုက် ဓါးမြှောင်ကို ဆွဲထုတ်ပြီး
သူ့လည်ပင်းကနေပြီးတော့ရင်ဘက်အထိ ခွဲချပြီး သူ့ရင်ထဲကအသည်းနှလုံးကို ဆွဲထုတ်လိုက်ပါတယ်……..
ပြီးတော့ သူ့အသည်းနှလုံးကို တဲအိမ်စုလေးက လူတွေအားလုံးမြင်အောင် ပြပြီးတော့
ရွှံ့နွံအိုင်ကြီးထဲကို ပစ်ချလိုက်ပါတော့တယ်………
ရွှံ့နွံအိုင်ကြီးထဲကို ဒန်ကိုရဲ့ အသည်းနှလုံး ရောက်သွားတာနဲ့တပြိုင်နက်
အင်မတန်ကြီးမားတဲ့ အသည်းနှလုံးကြီး အဖြစ်ပြောင်းလဲသွားပြီးတော့
ရွှံ့နွံအိုင်ကြီးထဲမှာ ပေါလောပေါ်နေတာကို အားလုံးမြင်တွေ့ကြရတယ်………..
အဲဒီအချိန်မှာ ဒန်ကိုက “ကျွန်တော်တို့တဲ့အိမ်စုလေးက လူတွေအကုန်လုံး
ကျွန်တော့ အသည်းနှလုံးပေါ်ကဖြတ်ပြီးတော့ ဟိုဘက်ကမြက်ခင်းပြင်ကြီးရှိရာကို
ရောက်အောင်သွားကြ…သွားကြ…” ဆိုပြီးတော့ အော်တယ်………
အဲဒီကျမှ တဲအိမ်စုလေးက လူတွေဟာဒန်ကို့ အသည်းနှလုံးပေါ်က ဖြတ်ပြီးတော့
မြက်ခင်းပြင်ကျယ်ကြီးရှိရာကို ရောက်သွားကြတယ်….
အားလုံးတစ်ယောက်မကျန် ကုန်ပြီဆိုတော့မှ ဒန်ကိုဟာ အဲဒီရွှံ့နွံအိုင်ကြီးဘေးမှာ
ဗိုင်းခနဲလဲကျပြီးသေဆုံးသွားခဲ့တယ်။
သူသေဆုံးသွားတာနဲ့တပြိုင်နက် ရွှံ့နွံအိုင်ကြီးထဲမှာ ပေါလောပေါ်နေတဲ့
အသည်းနှလုံးကြီးဟာလည်း ဖျတ်ခနဲကွဲကြေပြီးတော့ လွှင့်စင်သွားလိုက်တာ…..
ဘယ်အထိတောင်လွှင့်စင်သွားသလဲဆိုရင် မိုးကောင်းကင်ထိအောင် လွှင့်စင်သွားပြီးတော့
မိုးကောင်းကင်မှာ တွဲလွဲခိုပြီးချိတ်နေတာကို တွေ့ကြရတယ်………………..
မိုးကောင်းကင်မှာတွဲလဲခိုချိတ်နေတဲ့ ဒန်ကိုရဲ့ အသည်းနှလုံး အပိုင်းအစလေးတွေကို
အောက်ကနေပြီး လှမ်းကြည့်မယ်ဆိုရင် တလက်လက်နဲ့ တောက်ပနေတာကို အားလုံးပဲမြင်ကြရတယ်။

အဲဒါဟာ ငါ့သမီးတို့ အဖိုးတို့ အခုမြင်ကြရတဲ့
ကြယ်ကလေးတွေပေါ့ သမီးရဲ့ လို့ အဖိုးကသူ့ပုံပြင်ကို အဆုံးသတ်တတ်ပါတယ်
ပုံပြင်လေးကတော့ ဒီနေရာမှာ အဆုံးသတ်သွားပေမယ့် အဖိုးဆက်ပြီးတော့
ပြောတဲ့စကားလေးတစ်ခွန်းကိုတော့ ယနေ့ချိန်ထိ မှတ်မိနေပါသေးတယ်………………………


“ငါ့သမီးဟာ နောင်တစ်ချိန်ခေါင်းဆောင်ဖြစ်လာခဲ့ရင် ဒန်ကိုလိုပဲ လူအများရဲ့ ကောင်းကျိုးကို
ဆောင်ရွက်နိုင်ပြီး အနစ်နာခံနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ………… လို့
ပြောခဲ့တဲ့စကားလေးကို ဒီစာကိုရေးနေရင်းပြန်လည်ကြားယောင်နေမိပါတော့တယ်………………….။

No comments:

Post a Comment

Print Friendly and PDF