Sunday 4 March 2012

ကယ်လိုရီလောင်ကျွမ်းပြီး သွက်လက်တက်ကြွနေစေမည့် ထိပ်တန်း အားကစားနည်း ၁၂ မျိုး

နေ့စဉ် လှုပ်ရှားမှုတွေထဲက သင်ပြုလုပ်သင့်တဲ့ အားကစားတွေထဲမှာ ကယ်လိုရီကို လောင်ကျွမ်းစေပြီး စိတ်ကို လန်းဆန်း တက်ကြွနေစေမယ့် အားကစားနည်းတွေ ရှိပါတယ်။

အပြေးလေကျင်ခန်း

တစ်နေ့ကို မိနစ် ၃၀ လောက် အပြေးလေ့ကျင့်တာဟာ သင့်ကို ၄၅၀ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ အပြေး လေ့ကျင့်မှုဟာ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်။ ခြေထောက်နေရာကသာ ပြေးနေရတယ် ဆိုပေမယ့် ခန္ဓာကိုယ် တစ်ခုလုံးကပါ လှုပ်ရှားနေရတဲ့ လေ့ကျင့်မှုမျိုး ဖြစ်တာကြောင့် သင့်ကို ပိုပြီး လန်းဆန်းနေစေတာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို ဝတ်ဆင်ပြီး မတော်တဆ ထိခိုက်မှုကင်းတဲ့ နေရာကို ရှာပြီး လေ့ကျင့်ပေးပါ။

ကျောက်တောင်တက်ခြင်း

အနောက်နိုင်ငံတွေနဲ့ ကိုရီးယားမှာ ပြုလုပ်လေ့ရှိတဲ့ တောင်တက်တဲ့ အားကစားပါ။ ကျောက်တောင်ပေါ်ကို ရောက်ဖို့ ကျောက်တုံးတွေရဲ့ အထစ်တွေကို အားပြုပြီး တထစ်ချင်း တက်ရတဲ့အပြင် လူရောစိတ်ပါ တက်ကြွစွာ ပြုလုပ်၊ လှုပ်ရှားရတဲ့ အားကစားနည်းပဲ ဖြစ်ပါတယ်။

နာရီဝက်လောက်တောင် တက်ပြီးချိန်မှာ ၃၇၁ ကယ်လိုရီလောက် လောင်ကျွမ်းသွားစေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေကို သေချာ ယူဆောင်၊ ဝတ်ဆင်သင့်ပါတယ်။ အထူးသဖြင့် ဦးခေါင်း ထိခိုက်မှုကို ကာကွယ်နိုင်စေမယ့် အကာအကွယ်တွေကို မမေ့ပါနဲ့။

ရေကူးခြင်း

ရေကူးတဲ့ လေ့ကျင့်ခန်းဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံးကို အကျိုးပြုစေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ မိနစ် ၃၀ လောက် ရေကူးချိန်မှာ သင့်ခန္ဓာကိုယ်က ကယ်လိုရီ ၃၅၀ လောက် လောင်ကျွမ်းစေပါတယ်။ တချို့တွေက ရေကို ဆက်တိုက် မိနစ် ၃၀ လောက် ကူးနိုင်ဖို့ မလွယ်တတ်ပါဘူး။ ဒါကြောင့် လေ့ကျင့်မှုတော့ လိုပါတယ်။ ရေကူး လေ့ကျင့်ဖို့အတွက် မှန်ကန်တဲ့ အသက်ရှူနည်း စနစ်ကိုလည်း သိဖို့ လိုအပ်ပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဟာ အလေးမ လေ့ကျင့်ခန်းတွေလိုပဲ ခန္ဓာကိုယ်ကို အကျိုးပြုပါတယ်။ လေ့ကျင့်တဲ့ စက်ဘီးရဲ့ ပြေးနှုန်းပေါ် မူတည်ပြီး အချိန်နာရီဝက်မှာ ကယ်လိုရင် ၃၀၀-၄၀၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ပေါင်နဲ့ ခြေသလုံးနေရာက ကြွက်သား တည်ဆောက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း လေ့ကျင့်ခန်းတွေကိုတော့ ပြန်လည် ပြုလုပ်ပေးဖို့ လိုပါတယ်။

လက်ဝှေ့ထိုးခြင်း

လက်ဝှေ့ထိုးတဲ့ လေ့ကျင့်မှုဟာ သဲအိတ်ကို နာရီဝက်လောက်ကြာအောင် ပုံမှန်ထိုးရင် ၃၂၄ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ လက်ဝှေ့ထိုးတဲ့ အားကစားသမားတွေ အနေနဲ့ တခြား အခြေခံ လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ လက်ဝှေ့ထိုးရာမှာ သုံးတဲ့ လက်အိတ်ဟာ သင့်လက်နဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့လည်း ဂရုစိုက်ပေးသင့်ပါတယ်။

ဘတ်စကက်ဘော ကစားခြင်း

ဘတ်စကက်ဘောကို မိနစ် ၃၀ လောက် ကစားတာဟာ ကယ်လိုရီ ၃၀၀ လောက် လောင်ကျွမ်းစေပါတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေမှုနဲ့အတူ တက်ကြွ လန်းဆန်းမှုကို ရစေပါတယ်။ သင့်လက်မောင်းနဲ့ ပခုံးသားတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘတ်စကက်ဘော ကစားသူတွေ အနေနဲ့ အရွတ်တွေကို အကျိုးပြုစေမယ့် ဆွဲဆန့် လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ် လေ့ကျင့်ပေးဖို့ လိုပါတယ်။

ဘော်လီဘော ကစားခြင်း

ဘော်လီဘောကို နာရီဝက်လောက် ကစားတာဟာ ၂၈၈ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒီအားကစားဟာ နှလုံးကျန်းမာရေးကို ကောင်းစေပြီး လိုက်လျောညီထွေတဲ့ လှုပ်ရှားမှု ပုံစံကိုလည်း ရရှိစေပါတယ်။ ရုတ်တရက် ပြုလုပ်ရတဲ့ လှုပ်ရှားမှုမျိုးတွေ ရှိတာကြောင့် သက်လုံကောင်းစေပါတယ်။ အရိုးအဆစ်တွေကို အထောက်အကူ ဖြစ်စေမယ့် တခြား လေ့ကျင့်ခန်းမျိုးတွေကိုလည်း ပြုလုပ်ပေးဖို့ လိုပါတယ်။

လှေလှော်ကစားခြင်း

လှေလှော်တဲ့ အားကစားကို နာရီဝက်လောက် ပြုလုပ်ပေးရင် ကယ်လိုရီ ၂၈၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ လှေလှော်တဲ့ အားကစားဟာ သင့်ပခုံးသားတွေကို ကျန်းမာစေပြီး ပေါင်တံနဲ့ တံကောက်ကြောတွေကို သန်မာစေနိုင်ပါတယ်။ သင့်ကျွမ်းကျင်မှုပေါ် မူတည်ပြီး လှေလှော်ချိန်မှာ ခြေနဲ့ လက်တွေကို တစ်လှည့်စီ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

တင်းနစ်ကစားခြင်း

နာရီဝက်လောက် တင်းနစ် ကစားတာဟာ ၂၅၀-၃၀၀ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်ကို ပျော်ရွှင်စေတဲ့ ကစားနည်း ဖြစ်တဲ့အပြင် သင်ကစားတဲ့ မြန်နှုန်းပေါ် မူတည်ပြီး အကျိုးရှိစေတဲ့ လေ့ကျင့်မှုမျိုးပဲ ဖြစ်ပါတယ်။ လက်တံတောင်နဲ့ ဒူးနေရာနားက အဆစ်တွေကို ထိခိုက်မှု ကင်းစေဖို့ အကာအကွယ်တွေ ဝတ်ဆင်ပေးဖို့တော့ လိုပါတယ်။

နှင်းလျှောစီးခြင်း

အရမ်းကို မြန်ဆန်လွန်းတဲ့ လှုပ်ရှားမှုတွေနဲ့ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးပါ။ နှင်းလျှောစီးချိန် နာရီဝက်မှာ ၂၇၀ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်စွာ နှင်းလျှောစီးနိုင်ဖို့ လုံလောက်တဲ့ လေ့ကျင့်မှုကို အရင်ဆုံး ယူရမှာ ဖြစ်ပါတယ်။

နှင်းစကိတ်စီးခြင်း

ဖိစီးမှုတွေကို ပြေပျောက်စေပြီး စိတ်ကို ပေါ့ပါးစေတဲ့ လေ့ကျင့်မှုမျိုးပါ။ နာရီဝက်လောက် နှင်းစကိတ် စီးပြီးချိန်မှာ ၂၅၂ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ နှင်းစကိတ်စီးချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့ ခြေချောင်းကနေ ခေါင်းအထိ ထိန်းကာ ပြုလုပ်ရမယ့် လေ့ကျင့်မှုမျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ် ဟန်ချက်ကို ညီစေပါတယ်။

ကခုန်ခြင်း

ခြေနဲ့လက်တွေကို လှုပ်ရှားပြီး ကခုန်တာမျိုးက သင့်ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင်၊ နှစ်နာရီလောက် ကခုန်လိုက်ရုံနဲ့ ၁၈၀ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်ကို ပျော်ရွှင်စေရုံ သာမက ပေါ့ပါးလန်းဆန်းစေကာ ဖိစီးမှု ကင်းစေပါတယ်။

No comments:

Post a Comment

Print Friendly and PDF